စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ သပြေအေးရွာ လူနေအိမ် ၅၀ ကျော် မီးလောင်

စစ်ကောင်စီတပ် ရဟတ်ယာဉ်ဖြင့် ဗုံးကြဲ သပြေအေးရွာ လူနေအိမ် ၅၀ ကျော် မီးလောင်

မတ် ၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနေအိမ် အများအပြား ထိမှန်ပြီး အိမ်အလုံး ၅၀ ထက်မနည်း မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။

သပြေအေးကျေးရွာကို စစ်ကောင်စီက Mi-35 ရဟတ်ယာဉ် နှစ်စီးဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ၎င်းတို့က သပြေအေး ကျေးရွာတွင် နှစ်ရက်ကြာ တပ်စွဲခဲ့သေးသည်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း အရပ်သား နေအိမ် အလုံး ၅၀ ထက်မနည်း မီးလောင်သွားသည့်အပြင် မီးလောင်မှုအတွင်း နွားအကောင်ရေ ၁၅ ကောင်ခန့် မီးထဲ ပါသွားပြီး ပြည်သူတစ်ဦးကို ပစ်ခတ်ခဲ့ကြောင်း ယင်းမာပင်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

လက်ရှိ သပြေအေးကျေးရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေသည့်အတွက် နေအိမ်မီးလောင်သည့် အရေအတွက် အသေးစိတ်တိတိကျကျ မသိရသေးဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ အဲဒီသပြေအေးနဲ့ ငါးမိနစ်လောက်သာ သွားရတဲ့ မိုးကောင်းဆိုတဲ့ရွာမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတော့ လောလောဆယ် ကျွန်တော်တို့က သပြေအေးကျေးရွာ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူး။ နယ်မြေ ရှင်းလင်းရေး လုပ်ပြီးတဲ့အခါ ဘယ်နှစ်အိမ် လောင်တယ်၊ ဘာတွေ ဖျက်ဆီးသွားတယ်ဆိုတာကိုတော့ အသေးစိတ် သိရပါမယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်က မဇ္ဈိမကို ပြောသည်။

ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်စစ်ကြောင်းများ တစ်အိမ်တက် တစ်အိမ်ဆင်း မီးတင်ရှို့ခံခဲ့ရသော သပြေအေးကျေးရွာသည် အိမ် ၂၀၀ ခန့်ရှိပြီး ၅၀ ထက်မက မီးလောင်ကျွမ်း သည်ဟု ဒေသခံများက ခန့်မှန်းထားသည်။

လက်ရှိတိုက်ပွဲဖြစ်ပွားနေသော မိုးကောင်းကျေးရွာသည် ယင်းမာပင်နှင့် ကနီနယ်အစပ်တွင်တည်ရှိပြီး သပြေအေးကျေးရွာနှင့် အနည်းငယ်သာ ကွာဝေးကြောင်း သိရသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားကောင်းရာ ဒေသဖြစ်ပြီး လမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်မှုကို အကြီးအကျယ် ကြုံနေရသော စစ်ကောင်စီစစ်ကြောင်းများက တိုက်ပွဲဖြစ်ပွားရာ အနီး ကျေးရွာများကို မီးရှို့မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ- ယင်းမာပင် သတင်းမှန်ပြန်ကြားရေးဖေ့စ်ဘွတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required