ဖလမ်း-ဟားခါးလမ်းပေါ်၌ လူငယ် ၁ ဦးကို စစ်ကောင်စီတပ်က သတ်သွားဟု ဒေသ ကာကွယ်ရေးတပ် ဆို

ဖလမ်း-ဟားခါးလမ်းပေါ်၌ လူငယ် ၁ ဦးကို စစ်ကောင်စီတပ်က သတ်သွားဟု ဒေသ ကာကွယ်ရေးတပ် ဆို

မတ် ၂

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ဖလမ်း - ဟားခါး လမ်းပေါ်၌ စစ်ကောင်စီတပ် သတ်ဖြတ် ထားခဲ့သည့် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့များ ထံက သိရသည်။

“သူ့က ဆိုင်ကယ်နဲ့ လာတာ။ ဆိုင်ကယ်ကို လုံးရန်မှာ တွေ့တယ်။ စစ်ကောင်စီတပ်တွေက ဖမ်းခေါ်သွားပြီး သတ်ပစ်ခဲ့တာ ဖြစ်မယ်” ဟု CNDF ပြောရေးဆိုခွင့်ရှိသူ Cung Ngai က ပြောသည်။

ဖလမ်း - ဟားခါးလမ်း တားလ်းရွာနှင့် တလန်ဇာ ကျေးရွာအကြား ၁၆ မိုင်၌ ယမန်နေ့ မတ်လ ၁ ရက်နေ့တွင် အဆိုပါ ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး လည်ပင်း လှီးခံထားရကာ မျက်လုံး ဖောက်ထုတ် ခံထား ရသည်ဟု ဆိုသည်။

အသက် ၂၀ အရွယ် အမျိုးသားဖြစ်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖလမ်းမြို့မှ ဟာခါးမြို့သို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထွက်ခွာလာသော တင့်ကားနှစ်စီးနှင့် စစ်ကားအစီး ၂၀ ပါ စစ်ကြောင်း၌ အင်အား ၂၀၀ ခန့် ပါလာခဲ့ပြီး အဆိုပါ တပ်ဖွဲ့ဝင်များသည် ဖလန်းမြို့ လုံးရန်ရပ်ကွက်မှ နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများ ယူဆောင်သွားသည့်အပြင် အိမ်မွေး တိရိစ္ဆာန်များကိုလည်း သတ်ဖြတ် စားသောက်သွားကြောင်း သိရသည်။

ဖလမ်းမြို့ လုံပီး ၊ လုံးရန် ရပ်ကွက်နှင့် ထလန်ရောလ် ၊ တားလ် ၊ ထလန်ဇာရ် နှင့် ရမ်ထလို ကျေးရွာများမှ ဒေသခံ လူပေါင်း ၂၅၀၀ ကျော် စစ်ဘေး ရှောင်နေကြရသည်။

အဆိုပါ စစ်ကောင်စီ ချီတက်ရာ လမ်းတစ်လျှောက်တွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ ပစ်ခတ် မှုများ ရှိခဲ့သော်လည်း အထိအခိုက် အသေအပျောက် စာရင်းကို မသိရှိရသေးပေ။

#MizzimaTV

#ဖလမ်း

#ဟားခါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required