ပါကစ္စတန် ပြည်နယ် ၂ ခု၌ လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၂ ဦး သေဆုံး

ပါကစ္စတန် ပြည်နယ် ၂ ခု၌ လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ခိုက်မှုတွင် စစ်သွေးကြွ ၁၂ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ၏ ဘာလိုချီစတန်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်တို့တွင် ဖေဖေါ်ဝါရီ ၂၃ ရက်က လုံခြုံရေးတပ်ဖွဲ့များ၏ သီးခြား စစ်ဆင်ရေးနှစ်ခုအတွင်း စစ်သွေးကြွ ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဘာလိုချီစတန်၏ ဟိုရှာဘ် ဧရိယာတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှုတစ်ခုအတွင်း စစ်သွေးကြွ ၁၀ ဦး သေဆုံးခဲ့ကြောင်း The News International သတင်းစာက ဖော်ပြသည်။

အဆိုပါ စစ်သွေးကြွများထံမှ လက်နက်များနှင့် ခဲယမ်းကျည် အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရပြီး ထိုစစ်သွေးကြွများသည် မကြာသေးခင်က တာဘတ် နှင့် ပက်စ်နီ ဧရိယာတို့၌ လုံခြုံရေးတပ်ဖွဲ့များကို ပစ်ခတ်တိုက်ခိုက်မှုများတွင် ပါဝင်လုပ်ဆောင်ထားခဲ့ကြသူများဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြသည်။

ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ် ဒီရာ အစ္စမေးလ် ခန်း ခရိုင်တွင်လည်း အကြမ်းဖက်သမားများ ရှိနေသည်ဆိုသည့် သတင်းရရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့များက စစ်ဆင်ရေးတစ်ခုလုပ်ဆောင်ခဲ့ရာတွင် စစ်သွေးကြွ နှစ်ဦး သေဆုံးခဲ့သည်။

အဆိုပါ စစ်သွေးကြွများထံမှ စစ်သေနတ်များ၊ လက်ပစ်ဗုံးများနှင့် ကျည်ဆံများ အပါအဝင် များပြားသည့် လက်နက်၊ ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်သွေးကြွများသည် လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်မှုများ၌ ပါဝင်လုပ်ဆောင်ထားကြသူများ ဖြစ်ကြောင်း ပါကစ္စတန် စစ်တပ်၏ မီဒီယာဌာနဖြစ်သည့် မီဒီယာနှင့် အများပြည်သူ ဆက်ဆံရေးဌာန (ISPR) က ဖော်ပြကြောင်း Samaa TV က ဖော်ပြသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတစ်လတည်းအတွင်း ပါကစ္စတန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် အချို့ဖြစ်ပေါ်ခဲ့ပြီး အစ္စလမ်မာဘတ်နှင့် လာဟိုး အပါအဝင် အဓိကမြို့ကြီးများ ပစ်မှတ်ထားခံခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly