တောင်ကြီးမြို့ မြို့မဈေးတာဝန်ခံ နေအိမ် ဗုံးခွဲခံရ

တောင်ကြီးမြို့ မြို့မဈေးတာဝန်ခံ နေအိမ် ဗုံးခွဲခံရ

မတ်လ ၁ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ စစ်စံထွန်းဈေး အနီးရှိ မြို့မဈေး တာဝန်ခံ စည်ပင်ဝန်ထမ်း ဦးခင်အေး၏ နေအိမ်၌ ယမန်နေ့ ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၆ နာရီ ဝန်းကျင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း ဒေသခံများ ထံက သိရသည်။

ပေါက်ကွဲမှုကြောင့် အိမ်အဖီ ထိပြီး ခေါင်မိုး ပွင့်ထွက်သွားကာ ဆိုင်ကယ် တစ်စီး ထိခိုက် ပျက်စီးခဲ့သော်လည်း လူထိခိုက်မှု မရှိဟု သိရသည်။

''သူက ဈေးခေါင်းလေ။ သိပ် အာဏာကြီးတာ။ ဈေးခေါင်း လုပ်တာလည်း တော်တော်ကြာပြီ။ ဈေးသူ ဈေးသားတွေကို အခွန် မတရား ကောက်တာ။ ဒါ့ကြောင့် ဗုံးခွဲ ခံရတာ ထင်တယ် '' ဟု တောင်ကြီးမြို့ ဒေသခံ တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပေါက်ကွဲမှု အပြီးတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရဲများ ရောက်လာပြီး အနီးဝန်းကျင်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် ရှုခင်းသာ ပန်းခြံအနီး အပါအဝင် ဧရာဝတီလမ်းဆုံ၊ အမှတ် (၁) ရဲစခန်းရှေ့၊ စစ်စံထွန်း ဈေးထိပ် နှင့် ဝါးပြားလမ်းဆုံ တို့၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုင်ကယ် အစစ်ခံရသူ ဒေသခံ တစ်ဦးထံက သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့် အဖွဲ့က လုပ်ဆောင်ကြောင်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဓာတ်ပုံ - ပုံအဟောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required