ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ပြီး ရုရှပြည်သူတို့ လူထုအာခံလှုပ်ရှားမှု လုပ်ဆောင်ဖို့ ရုရှအတိုက်အခံခေါင်းဆောင်၏ ထောက်ခံသူများ ဆော်ဩ

ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ပြီး ရုရှပြည်သူတို့ လူထုအာခံလှုပ်ရှားမှု လုပ်ဆောင်ဖို့ ရုရှအတိုက်အခံခေါင်းဆောင်၏ ထောက်ခံသူများ ဆော်ဩ
Photo - REUTERS

မတ်လ ၁ ရက်

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်ဝင်ရောက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ရုရှပြည်သူတို့ လူထုအမိန့်မနာခံမှု (civil disobedience) ကမ်ပိန်းတစ်ရပ် လုပ်ဆောင်ကြရေးအတွက် အကျဉ်းကျခံ ရုရှအတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်ညီ၏ ထောက်ခံအားပေးသူများအဖွဲ့က ဖေဖေါ်ဝါရီ ၂၈ ရက်တွင် တိုက်တွန်းဆော်ဩခဲ့သည်။

“ပူတင်ဟာ ယူကရိန်းအပေါ် စစ်ကြေညာခဲ့တယ်။ နောက်ပြီးတော့ ယူကရိန်းကို ရုရှက ၊ ပြောရရင် ကျွန်တော်တို့ အားလုံးက တိုက်ခိုက်တယ်လို့ လူတွေထင်အောင်လို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် အဲဒါက မမှန်ပါဘူး” ဟု နာဗယ်လ်ညီ၏ အဖွဲ့က တွစ်တာအကောင့်တွင် ရေးသည်။

“ကျွန်တော်တို့ ဒီ စစ်ပွဲကို မထောက်ခံဘူးဆိုတာကို ပြသရပါလိမ့်မယ်။ ရုရှနိုင်ငံသားလူထုတွေ အမိန့်မနာခံမှုကို ပြသဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ ဆိတ်ဆိတ်မနေကြပါနဲ့” ဟု ယင်းအဖွဲ့က ရေးသည်။

ရုရှသမ္မတ ပူတင်၏ လူသိများအထင်ရှားဆုံး အတိုက်အခံဖြစ်သည့် နာဗယ်လ်ညီသည် ယမန်နှစ်က ဂျာမနီကနေ ရုရှသို့ ပြန်လာခဲ့ချိန် ဖမ်းဆီးအကျဉ်းချခံခဲ့ရသည်။ ထိုမတိုင်မီက ၎င်းသည် အဆိပ်မိခဲ့ပြီး ပြန်လည်သက်သာကောင်းမွန်ထားခဲ့သူဖြစ်သည်။ ၎င်းကို ဆိုက်ဘေးရီးယားတွင် အာရုံကြောထိခိုက်စေသည့် အဆိပ်တစ်မျိုးဖြင့် အဆိပ်ခတ်ရန် ကြိုးပမ်းမှု ရှိခဲ့သည်ဟု အနောက်အုပ်စု ဓာတ်ခွဲခန်း စမ်းသပ်ချက်များက ပြသနေသည်။ ယင်းကဲ့သို့သော တိုက်ခိုက်မှုတစ်ခု လုပ်ခဲ့ခြင်းမရှိဟု ရုရှအာဏာပိုင်တို့က ငြင်းသည်။

ထိုအချိန်မှစပြီး ရုရှအာဏာပိုင်တို့သည် နာဗယ်လ်ညီ၏ လှုပ်ရှားမှုအဖွဲ့အပေါ် ပိုမို တင်းကျပ်စွာ ဖြိုခွင်းခဲ့ပြီး ၎င်းတို့ကို “နိုင်ငံခြားအေးဂျင့်များ” အဖြစ် အာဏာပိုင်များက ထုတ်ဖော်သတ်မှတ်ခဲ့ပြီးနောက် အဓိက အရေးပါသည့် ပုဂ္ဂိုလ်များသည် ပြည်ပသို့ ထွက်ပြေးခဲ့သည်။

ရုရှက ယူကရိန်းကို ကျူးကျော်ပြီးနောက် လက်ရှိအချိန်အထိ စစ်ဆန့်ကျင်ရေး ဆန္ဒပြမှုများအတွက် လူပေါင်း ၆,၀၀၆ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ရုရှ၌ ဖမ်းဆီးမှုများ၊ ဆန္ဒပြမှုများကို လေ့လာစောင့်ကြည့်နေသည့် OVD-info အဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required