ဂန့်ဂေါမြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

ဂန့်ဂေါမြို့နယ် ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

မတ်လ ၁ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှ ရွှေဘိုရွာ၊ သင်တောရွာနှင့် စန်းမြို့ရွာများကို  စစ်ကောင်စီတပ်က ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရွာလုံးကျွတ် မီးရှို့သွားပြီး ပြည်သူ ခုနစ်ဦးကို သတ်သွားကြောင်း ဒေသခံထံက သိရသည်။

ဂန့်ဂေါမြို့နယ်ကို  စစ်ကောင်စီတပ်က လေယာဥ်ဖြင့် စစ်အင်အားချကာ ယမန်နေ့မှ စ၍ အပြင်းအထန် စစ်ကြောင်း ထိုးနေခြင်း ဖြစ်သည်။ 

" မနေ့က PDF တွေ လွတ်သွားတော့ အနီးနားက ကျေးရွာတွေကို မီးရှို့သွားတယ်။ ဒေသခံတွေ သောင်းနဲ့ချီပြီး ပြေးနေရတယ်။ အင်တာနက် မရတော့ သတင်းတွေက မတင်နိုင်ကြဘူး "ဟု ဒေသခံ က ပြောသည်။

ယနေ့တွင်မူ စစ်ကောင်စီတပ်က မြောက်ကုန်းရွာဘက်ကို စစ်ကြောင်း ထိုးနေပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနေသည်ဟု  ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"အခု ကျွန်တော် တိုက်ပွဲထဲ ရောက်နေတယ်။ စစ်တပ်က အင်အား ၂၀၀ လောက်နဲ့ စစ်ကြောင်း ထိုးနေတယ်။ နောက်ထပ် ဘေးနားက ရွာတွေကို မီးထပ်ရှို့မယ့် အနေအထား ရှိတယ် " ဟု ၎င်းက ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ဒေသခံ ပြည်သူ ခုနစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိ ထားပြီး အဆိုပါ ဒေသခံများမှာ ရေသာကျေးရွာနှင့် ရွှေဘို ကျေးရွာများမှ ဖြစ်သည်ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required