စစ်ကောင်စီတပ်က ဖလမ်းမြို့  နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများယူ

စစ်ကောင်စီတပ်က ဖလမ်းမြို့  နေအိမ်များကို ဖောက်ထွင်းကာ ပစ္စည်းများယူ

မတ် ၁

#ချင်းပြည်နယ် ၊ #ဖလမ်းမြို့မှ #ဟားခါးမြို့သို့ ထွက်ခွာလာသော #စစ်ကောင်စီ စစ်ကြောင်းသည် ဖလမ်းမြို့ အထွက် လုံပီး ရပ်ကွက်ရှိ နေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းများ လုယူကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ထံက သိရသည်။

ဖလမ်းမြို့မှ ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းတွင် ထွက်ခွာလာသော တင့်ကား နှစ်စီးနှင့် စစ်ကား အစီး ၂၀ ပါ စစ်ကြောင်း၌ အင်အား ၂၀၀ ခန့် ပါလာခဲ့ပြီး အဆိုပါ တပ်ဖွဲ့ဝင်များသည် လုံပီး ရပ်ကွက်၌ ပစ်ခတ်မှုများ ပြုလုပ်ကာ ညအိပ် ရပ်နားခဲ့သည်။

လုံးပီး ရပ်ကွက်အပြင် လုံးရန် ရပ်ကွက်မှ အိမ်များကိုလည်း ဖောက်ထွင်း၍ ပစ္စည်းများ ယူဆောင်သွားကြောင်းနှင့်  အိမ်မွေး တိရိစ္ဆာန် ကြက် ၊ ဘဲ ၊ ဆိတ် နှင့် ဝက် များကိုလည်း သတ်စားသွားသည်ဟု ချင်းအမျိုးသား အဖွဲ့ချုပ်/တပ်မတော် (CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ Cung Ngai က မဇ္စျိမ ကို ပြောသည်။

“သူခိုး ဓားပြ သာသာလောက်ပဲ ရှိတဲ့ ဒီလိုကောင်တွေက တိုင်းပြည်ကို အုပ်ချုပ်နေတာ တိုင်းပြည် အရမ်း နစ်နာတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်မှ လုယူထားသော ပစ္စည်းများအား မှတ်တပ်တင်ထားသော ရုပ်သံဖိုင် ထဲတွင် မီးစက် လေးလုံး ၊ တီဗွီ ၊ အပ်ချုပ်စက်ခေါင်း ၊ ဆက်တီထိုင်ခုံ၊ စက်ဘီး၊ စောင် အပါအဝင် လူအသုံးအဆောင် ပစ္စည်းများ  စုပုံထားပြီး ဟားခါးမြို့မှ အပြန် တွင် ယူဆောင်သွားမည်ဟု ထင်မြင်ကြောင်း ချင်းဘာသာစကားဖြင့် ရုပ်သံဖိုင်တွင် ပြောဆိုထားသည်။

ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီခန့်က ဖလမ်းမြို့နယ် ထလန်ရောန် ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အသေအပျောက် မသိရှိရသေး ကြောင်းနှင့် ယနေ့ မတ်လ ၁ ရက်တွင်လည်း တားလ် ကျေးရွာအနီး၌ ပစ်ခတ်မှုများ ဖြစ်ပွားလျက် ရှိကြောင်း CNDF ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ကလေးမြို့မှ တက်လာသည့် အဆိုပါ စစ်ကြောင်းအား ကလေး - ဖလမ်း ကြားတွင် CDM Siyin နှင့် CNDF တို့က  နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိုစစ်ကြောင်းသည် ဖလမ်းမှ တဆင့် ဟာခါး - ထန်တလန် ဘက်သို့ သွားနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။
#VideoNews
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly