ယူကရိန်း တောင်ပိုင်း ခါဆွန်မြို့စွန်ဆီ ရုရှတပ်များ ရောက်ရှိ 

ယူကရိန်း တောင်ပိုင်း ခါဆွန်မြို့စွန်ဆီ ရုရှတပ်များ ရောက်ရှိ 
Photo - AFP

မတ် ၁

ရုရှထိန်းချုပ်သည့် ခရိုင်းမီးယားအနီးက ယူကရိန်းတောင်ပိုင်း ခါဆွန်မြို့ဆီ ရုရှတပ်များ အင်္ဂါနေ့က ရောက်ရှိပြီး မြို့စွန်တွင် စစ်ဆေးရေးဂိတ်များ ချထားကြောင်း မြို့တော်ဝန်က ပြောသည်။ 

“ရုရှတပ်တွေဟာ ခါဆွန်မြို့အဝင်မှာ စစ်ဆေးရေးဂိတ် ချထားပါတယ်၊ ခါဆွန်မြို့မှာ ယူကရိန်းပြည်သူတွေ ရှိနေဆဲ ဖြစ်ပါတယ်”ဟု မြို့တော်ဝန် အီဂေါ ကိုလီခါယက်ဗ်က ဖေ့ဘုတ်တွင် ရေးသားသည်။ 

ရုရှသမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းအား တိုက်ခိုက်ရန် ၎င်း၏ တပ်များအား ပြီးခဲ့သည့် သီတင်းပတ်တွင် အမိန့်ပေးခဲ့သည်။ 

ရုရှတပ်များသည် ခရိုင်းမီးယားအပါအဝင် နေရာတချို့မှ ယူကရိန်းနိုင်ငံအား ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။ 

ခါဆွန်တွင် ပြည်တွင်းမီဒီယာတစ်ခု၏ ဗီဒီယိုများအရ ရုရှတပ်များ မြို့ထဲ ဝင်ရောက်လာသည်ကို မြင်တွေ့ရသည်။ 

“ဒီကနေ့မှာ ကျွန်တော်ဟာ ကျွန်တော်တို့မြို့ကို ကာကွယ်ရေးအတွက် တာဝန်ရှိပါတယ်၊ ကျွန်တော်တို့မှာ အစွမ်းအစ ခွင့်ပြုသလောက် ကာကွယ်ပေးသွားမှာဖြစ်ပါတယ်”ဟု မြို့တော်ဝန် ကိုလီခါယက်ဗ်က ဆိုသည်။ 

ပြည်သူများအနေဖြင့် ကာဖျူးချိန် ပြင်ပတွင် နေအိမ်မှ မထွက်ခွာကြရန်လည်း ၎င်းက တိုက်တွန်းသည်။ 

“မြို့မှာ ရှိတဲ့ အကြီးမားဆုံး တန်ဖိုးဟာ ခင်ဗျားတို့ရဲ့ အသက်တွေပါပဲ၊ ဒါဟာ တိုက်ပွဲမဟုတ်ဘူး၊ စစ်ပွဲပါ”ဟု ၎င်းက ဆိုသည်။ 

ခါဆွန်မြို့သည် လူဦးရေ ၂၈၀၀၀၀ ဝန်းကျင်ရှိပြီး ၂၀၁၄ ခုနှစ်က ရုရှကျူးကျော်သိမ်းပိုက်ခဲ့သော ခရိုင်းမီးယားကျွန်းဆွယ်၏ မြောက်ပိုင်းတွင် တည်ရှိသည်။ 

တနင်္ဂနွေနေ့၌ မြို့အား သိမ်းပိုက်ခဲ့ပြီဟု ရုရှက အတည်ပြုဆိုသည်။ 

ခရိုင်းမီးယား အနောက်မြောက်ပိုင်းတွင် တည်ရှိသော ဘာဒီယန်စ်မြို့ ဆိပ်ကမ်းကို ထိန်းချုပ်ထားသည်ဟုလည်း ရုရှစစ်တပ်က ပြောသည်။ 

ရုရှအနေဖြင့် ယူကရိန်းအား ကျူးကျော်ရာတွင် ပြင်းထန်သည့် ခုခံမှုများနှင့် ရင်ဆိုင်နေရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly