ကုလသမဂ္ဂ ရာသီဥတုညီလာခံ၌ ရုရှတာဝန်ရှိသူက ယူကရိန်းစစ်ပွဲအတွက် တောင်းပန် 

ကုလသမဂ္ဂ ရာသီဥတုညီလာခံ၌ ရုရှတာဝန်ရှိသူက ယူကရိန်းစစ်ပွဲအတွက် တောင်းပန် 

မတ် ၁

ရုရှနိုင်ငံ၏ ယူကရိန်းအား ကျူးကျော်စစ်သည် ကျိုးကြောင်းပြချက် ကင်းမဲ့သည်ဟု ဆိုလျက် ကုလသမဂ္ဂ ရာသီဥတု ညီလာခံ၌ ရုရှကိုယ်စားလှယ်အကြီးအကဲက တောင်းပန်ခဲ့ကြောင်း တနင်္ဂနွေနေ့က ယင်း အွန်လိုင်းအစည်းအဝေးတွင် ၎င်း၏ ပြောဆိုမှုကို ကြားသိခဲ့ရသည့် သတင်းရင်းမြစ်အချို့အရ သိရသည်။ 

အဆိုပါ တံခါးပိတ်အစည်းအဝေးတွင် ယူကရိန်း အဆင့်တူ တာဝန်ရှိသူ ဗစ်လန်နာ ကရာကော့ဗ်စကာက ၎င်း နိုင်ငံ၏ အကျပ်အတည်းကို စိတ်ခံစားချက်ပါစွာ ပြောဆိုပြီးနောက်တွင် ရုရှတာဝန်ရှိသူ အိုလက် အန်နီစီမို့ဗ်က အံ့အားသင့်ဖွယ်ရာ ပြောဆိုလာခြင်းပဲ ဖြစ်သည်။ 

“ဒီ ပဋိပက္ခကို မတားဆီးနိုင်တဲ့ ရုရှပြည်သူအားလုံးကိုယ်စား ကျွန်တော် တောင်းပန်ပါရစေ”ဟု နိုင်ငံ ၁၉၅ နိုင်ငံပါ အွန်လိုင်း တံခါးပိတ် မျက်နှာစုံညီအစည်းအဝေးတွင် အန်နီစီမို့ဗ်က ပြောကြောင်း ကြားသိခဲ့ရသည့် သတင်းရင်းမြစ် သုံးရပ်က ဆိုသည်။ 

သောကြာနေ့တွင် အဆုံးသတ်ရန်ရှိပြီး တစ်ခါတစ်ရံ ငြင်းခုံမှုများ ရှိသော ယင်း အစည်းအဝေးကို တက်ရောက်သည့် ကိုယ်စားလှယ်များနှင့် စောင့်ကြည့်သူများသည် ထိုသို့ ယူကရိန်းနှင့် ရုရှ တာဝန်ရှိသူတို့၏ ပြောဆိုချက်များကြောင့် အံ့အားသင့်သွားခဲ့ရကြောင်း ပါဝင်သူ ဒါဇင်ဝက်ခန့်က ပြောကြသည်။ 

ဖြစ်ပျက်နေသည်များကို မြင်ရသူများအနေဖြင့် ယူကရိန်းအား တိုက်ခိုက်မှုတွင် ကြောင်းကျိုးပြချက် ရှာမတွေ့ဟုလည်း ရုရှဘာသာစကားဖြင့် အန်နီစီမို့ဗ်က ပြောသည်။ 

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရများအဖွဲ့ IPCC က ၎င်း၏ မှတ်ချက်ပြုစကားကို တစ်ပြိုင်တည်းမှာပင် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ခဲ့ခြင်းဖြစ်သည်။ အေအက်ဖ်ပီအနေဖြင့် ရုရှဘာသာဖြင့် မူရင်းပြောဆိုချက်ကို မရရှိပေ။ 

နိုင်ငံအား လက်ရောက်ကျူးကျော် တိုက်ခိုက်ခံနေရလင့်ကစား အလုပ်ဆက်လုပ်ရန် ကြိုးစားနေဆဲဖြစ်သည့် ယူကရိန်း တာဝန်ရှိသူ ကရာကော့ဗ်စကာက တနင်္ဂနွေနေ့ နံနက်ပိုင်း ညီလာခံတွင် မိန့်ခွန်းပြောခဲ့သည်။ 

“ကျွန်မတို့ ယူကရိန်းမှာ လက်နက်ချသွားမှာ မဟုတ်ဘူး၊ ရာသီဥတု ဒဏ်ခံနိုင်သော အနာဂတ် တည်ဆောက်ရေးမှာလည်း ကမ္ဘာကြီးက အရှုံးပေးလိမ့်မှာ မဟုတ်ဘူးလို့ ကျွန်မတို့ မျှော်လင့်ပါတယ်”ဟု ၎င်းက အင်္ဂလိပ်ဘာသာဖြင့် ပြောခဲ့ကြောင်း သတင်းရင်းမြစ် အသီးသီးအရ သိရသည်။ 

“လူသားတွေကြောင့် ဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ယူကရိန်းက စစ်ပွဲဟာ အခြေခံရင်းမြစ်အရ တူတယ်၊ ဒါဟာ ဇီဝလောင်စာပဲ၊ ကျွန်မတို့ဟာ ဇီဝလောင်စာအပေါ် မှီခိုနေရတယ်”ဟု သူက ဖြည့်စွက်ဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required