စစ်ကိုင်းတိုင်းဝန်ကြီချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ်ချမှတ်

စစ်ကိုင်းတိုင်းဝန်ကြီချုပ် ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက ထောင်ဒဏ် ၂၁ နှစ်ချမှတ်

ဖေဖော်ဝါရီလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသော စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကို စစ်ကောင်စီ လက်အောက်ခံ မုံရွာတိုင်း တရားရုံးက ဖေဖော်ဝါရီလ ၂၈ ရက် ယနေ့တွင် ထောင်ဒဏ် ၂၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

“ကြိုတင် တွက်ဆပြီးသား ဆိုတော့ ရင်မခုန်ဘူး၊ အယူခံတက်ဖို့လည်း စိတ်မကူးဘူး၊ ပရမ်းပတာ ဥပဒေတွေမို့ ခေါင်းထဲမှာ လုံးဝ မထည့်တော့ဘူး” ဟု ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ချူးချူး ကပြောသည်။

အဂတိ လိုက်စားမှု ခုနှစ်မှုဖြင့် တရားစွဲ ခံထားရသော အမှုများ အတွက် တစ်မှု သုံးနှစ်ဖြင့် ထောင် ၂၁ နှစ် ချမှတ်ခံရခြင်း ဖြစ်ပြီး ယခင်က ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်နှစ်နှစ် ချမှတ်ထားသောကြောင့် စုစုပေါင်း ထောင်ဒဏ် ၂၃ ကျခံရမည် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၇၁ (စ) ဖြင့် စွဲဆိုထားသော အမှုအား ထပ်မံ ရင်ဆိုင်ရန် ရှိနေပြီး အမြင့်ဆုံး ထောင်ဒဏ် တစ်နှစ် ချမှတ်ခံရနိုင်ကြာင်းလည်း ဆိုသည်။

ယခု အမှု ခုနှစ်မှုအား စစ်ဆေးရာတွင် အဂတိ မမြောက်ကြောင်း ပေါ်ပေါက်ခဲ့သော်လည်း တရားသူကြီးများက စွဲချက် မပယ်ရဲဘဲ အမှုအား ဆက်လက်စစ်ဆေးပြီး အမိန့်ချခဲ့ကြောင်း ဆိုသည်။

အသက် ၇၁ အရွယ် ဝန်ကြီးချုပ်သည် နှလုံးအဆို့ရှင် လဲထားရသူဖြစ်ပြီး သွေးကြဲဆေး အမြဲ သောက်နေရသည့် အပြင် သွေးတိုး အတွက် ဆေးသောက် နေရရကာ အစားအသောက်နှင့် အနေအထိုင် ဆင်ခြင် နေရကြောင်း သိရသည်။

ဒေါက်တာမြင့်နိုင်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးခံရာ အနိုင်ရရှိကာ ယင်းနှစ် စက်တင်ဘာလတွင် ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ် ခံခဲ့ရသည်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး ၂၀၁၆ တွင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required