ယူကရိန်း မြို့ငယ် နှစ်မြို့ကို ရုရှတပ်များ သိမ်းပိုက်ဟု Interfax သတင်းဌာန ဖော်ပြ 

ယူကရိန်း မြို့ငယ် နှစ်မြို့ကို ရုရှတပ်များ သိမ်းပိုက်ဟု Interfax သတင်းဌာန ဖော်ပြ 

ဖေဖော်ဝါရီ ၂၈

ယူကရိန်း အရှေ့တောင်ပိုင်းက မြို့ငယ်နှစ်မြို့နှင့် နျူကလီးယားစွမ်းအင် စက်ရုံတစ်ခု၏ ပတ်လည်ဧရိယာကို ရုရှကျူးကျော်ရေးတပ်များက သိမ်းပိုက်ခဲ့ကြောင်း Interfax သတင်းတွင် တနင်္လာနေ့က ဖော်ပြသော်လည်း ရုရှအား သံတမန်ရေးနှင့် စီးပွားရေး အထီးကျန်စေမှုများ ပို၍ နက်ရှိုင်းစွာ ဖြစ်ပေါ်နေစဉ် နေရာတိုင်း၌ ပြင်းထန်သည့် ခုခံတွန်းလှန်မှုများ ဖြစ်ပွားပေါ်ပေါက်နေသည်။ 

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပနိုင်ငံတစ်နိုင်ငံအား အကြီးမားဆုံး လက်ရောက်ကျူးကျော်မှုကို ဆင်နွှဲခြင်းအားဖြင့် သမ္မတ ဗလာဒီမာ ပူတင်သည် ယူကရိန်းအား ဆင်နွှဲသော ၎င်း၏ စစ်ပွဲအတွက် အနောက်အုပ်စုဦးဆောင်သည့် လက်တုံ့ပြန်ခြင်းများကို တရစပ် ရင်ဆိုင်နေရစဉ် ရုရှ၏ နျူကလီးယား အဟန့်အတားကို တနင်္ဂနွေနေ့တွင် အထူးတပ်လှန့် နှိုးဆော်ထားသည်။  

မြို့တော် ကီယက်ဗ်နှင့် ခါကီဗ် မြို့ကြီးတွင် တနင်္လာနေ့ အရုဏ်မတက်မီ၌ ပေါက်ကွဲသံများ ကြားရကြောင်း ယူကရိန်း အာဏာပိုင်များက ပြောသည်။ သို့ရာတွင် မြို့ပြအချက်အချာများသို့ သိမ်းပိုက်ရန် ကြိုးပမ်းသော ရုရှမြေပြင်တပ်ဖွဲ့များကို တွန်းလှန်နိုင်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောသည်. 

သို့သော် ရုရှကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့၏ တပ်ဖွဲ့ဝင်များသည် ယူကရိန်း အရှေ့တောင်ပိုင်း ဇာပိုရေဇီးယားအရပ်က Berdyansk နှင့် Enerhodar မြို့နှစ်မြို့အပြင် ဇာပိုရေဇီးယား နျူကလီးယားစွမ်းအင်စက်ရုံဝန်းကျင် ဧရိယာကို သိမ်းပိုက်ရရှိကြောင်း ပြောသည်ဟု Interfax သတင်းက ဖော်ပြသည်။ ယင်း စက်ရုံသည် ပုံမှန်ဆက်လက်လည်ပတ်လျက်ရှိသည်ဟု ယင်း သတင်းတွင် ဆိုသည်။ 

နျူကလီးယားစွမ်းအင် စက်ရုံ ရုရှ လက် ကျရောက်သွားသည်ဆိုခြင်းကို ယူကရိန်းက ငြင်းဆန်ထားကြောင်း အဆိုပါ သတင်းအရ သိရသည်။ 

ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုများအတွက် အနောက်အစိုးရများက ပို၍ အားပေးလှုံ့ဆော်နေစဉ် ရုရှနှင့် ယူကရိန်းကြား “လွယ်ကူအဆင်ပြေသော ဆွေးနွေးပွဲ” ကို ကမ်းလှမ်းရင် ပဋိပက္ခ အဆုံးသတ်ရေး ပူးပေါင်းအားထုတ်ရာတွင် ဗာတီကန်က ပါဝင်လာခြင်းနှင့်အတူ သံခင်းတမန်ခင်းကိုလည်း ဆက်လက်ဖော်ဆောင်လျက် ရှိနေသည်။ 

ကြိုတင်သတ်မှတ်ချက် မရှိသော ရုရှနှင့် စေ့စပ်ညှိနှိုင်းမှုကို ဘီလာရုစ်-ယူကရိန်း နယ်စပ်တွင် ကျင်းပမည်ဟု ယူကရိန်းက ပြောသည်။ ဆွေးနွေးပွဲများကို တနင်္လာနေ့ နံနက်ပိုင်းတွင် စတင်လိမ့်မည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ်ကို ကိုးကားပြီးရုရှ Tass သတင်းဌာနက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required