ပါကစ္စတန်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်လာဟု ပြည်တွင်း ဂျာနယ်လစ်တစ်ဦးပြော

ပါကစ္စတန်သည် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်လာဟု ပြည်တွင်း ဂျာနယ်လစ်တစ်ဦးပြော

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ဂျာနယ်လစ်များအတွက် အန္တရာယ်အရှိဆုံး နိုင်ငံ ဖြစ်လာခဲ့ကြောင်း ယင်းနိုင်ငံမှ အကြီးတန်းဂျာနယ်လစ်တစ်ဦးဖြစ်သည့်ဟာမစ် မီအာက ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ပြောကြားလိုက်သည်။

ပြည်သူများနှင့် သက်ဆိုင်သည့် အရေးကိစ္စများကို ထုတ်ဖော်နေသည့် သတင်းသမားများကို ကာကွယ်ပေးရန် အစိုးရယန္တရားဘက်က ပျက်ကွက်ထားခဲ့သည်ဟု ၎င်းက ပြောသည်။

“အစိုးရဟာ တကယ့်အဖြစ်မှန် တိကျတဲ့ သတင်းအချက်အလက်တွေကို မလိုချင်ပါဘူး။ အဲဒီအစား မီဒီယာမှာ သူတို့ကို ထောက်ခံရေးသားတဲ့ သတင်းတွေကိုပဲ လိုချင်နေပါတယ်” ဟု မီအာက ပြောသည်။

ပါကစ္စတန်ဂျာနယ်လစ်တစ်ဦးဖြစ်သည့် မူဆာ ခန်ခဲလ် သေဆုံးမှု ၁၃ နှစ် ပြည့် အထိမ်းအမှတ် စုဝေးပွဲတစ်ခု၌ မီအာက အထက်ပါအတိုင်း ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

မူဆာ ခန်ခဲလ် သေဆုံးမှု နှစ်ပတ်လည်နေ့ စုဝေးပွဲကို ဂျာနယ်လစ် အသိုင်းအဝိုင်းက ကျင်းပနေခဲ့ချိန် အက်သာ မာတင်းန်အမည်ရ နောက်ထပ် ဂျာနယ်လစ်တစ်ဦးလည်း ကရာချိမြို့၌ ပစ်သတ်ခံခဲ့ရသည်ဟု ဟာမစ်ဒ် မီအာက ပြောကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်နိုင်ငံတွင် အစိုးရကို ဝေဖန်သည့် ဂျာနယ်လစ်များအပေါ် ဖိအားပေးမှုများ တိုးမြင့်နေမှုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း Human Rights Watch နှင့် Amnesty International အဖွဲ့တို့ကလည်း ထုတ်ဖော်ထားသည်။

မကြာသေးခင်က ဖြစ်ပွားထားခဲ့သည့် ဂျာနယ်လစ်များ တိုက်ခိုက်ခံရမှုဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး မဆိုင်းမတွ၊ ဘက်မလိုက်၊ ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရေး အဆိုပါအဖွဲ့များက ပါကစ္စတန်အစိုးရကို တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly