ပါကစ္စတန် ကရာချိမြို့၌ ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ

ပါကစ္စတန် ကရာချိမြို့၌ ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ

ပါကစ္စတန်နိုင်ငံ ကရာချိမြို့၏ မြောက်ပိုင်း နာဇီမာဘတ် ရပ်ကွက်တွင် ဖေဖေါ်ဝါရီ ၁၈ ရက် မနက်ပိုင်းက ပုဂ္ဂလိကသတင်းချန်နယ်တစ်ခုမှ ဂျာနယ်လစ်တစ်ဦးကို လက်နက်ကိုင် လုယက်သူများက ပစ်သတ်သွားခဲ့ကြောင်း ရဲများက ပြောသည်။

Samaa TV သတင်းဌာန၌ အကြီးတန်း သတင်းထုတ်လုပ်သူအဖြစ် လုပ်ကိုင်နေသည့် အက်သာ မာတင်းန်သည် ယင်းနေ့က ၎င်း၏ သားသမီးများကို ကျောင်းလိုက်ပို့ပြီးနောက် နေအိမ်သို့ ပြန်လာခဲ့သည်ဟု ရဲများက ပြောသည်။

မာတင်းန်သည် ကေဒီအေ ချိုးရန်ဂျီ နယ်မြေအနီး အကွက်အေဧရိယာရှိ ရှား ဆေးရုံနားသို့ ရောက်စဉ် လက်နက်ကိုင် လုယက်သူ ၂ဦးက လမ်းသွားလမ်းလာသူတစ်ဦးကို လုယက်ရန် ကြိုးပမ်းနေသည်ကို တွေ့ခဲ့သည်ဟု သိရသည်။

ယင်းနောက် ၎င်းသည် ကားကို အရှိန်မြှင့်လိုက်ပြီး လုယက်သူများ၏ ဆိုင်ကယ်ကို တိုက်လိုက်ရာ လုယက်သူများ လမ်းပေါ်တွင် လဲကျသွားခဲ့သည်။

ထို့နောက်တွင် လက်နက်ကိုင် လုယက်သူများသည် ပြန်ထပြီး မာတင်းန်ကို သေနတ်ဖြင့် ပစ်ခတ်ကာ အခြားလူတစ်ဦး၏ ဆိုင်ကယ်ကို လုယူရင်း နေရာကနေ ထွက်ပြေးသွားခဲ့ကြသည်ဟု သိရသည်။ ၎င်းတို့ ထားခဲ့သည့် ဆိုင်ကယ်ကို ရဲများက သိမ်းယူခဲ့သည်။

ယင်းဖြစ်စဉ်တွင် အသက် ၄၂ နှစ်ရှိ မာတင်းန်သည် ရင်ဘတ်တွင် ကျည်ထိဒဏ်ရာတစ်ချက် ရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးခဲ့ကြောင်း ဂူလ်ဘာ့ဂ်မြို့ ရဲမှူး တာဟီအာ နိုရာနီက ပြောခဲ့သည်။

၎င်း၏ အလောင်းကို လုပ်ထုံးလုပ်နည်းအရ ခွဲစိတ်စစ်ဆေးမှု လုပ်ဆောင်ရန် အက်ဘာစီ ရှာဟိဒ် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly