နျူကလီးယားတပ်ဖွဲ့များ အသင့်အနေအထားရှိဖို့ ပူတင် ညွှန်ကြားထား

နျူကလီးယားတပ်ဖွဲ့များ အသင့်အနေအထားရှိဖို့ ပူတင် ညွှန်ကြားထား
Photo - AFP

ဖေဖေါ်ဝါရီ ၂၈

နျူကလီးယားလက်နက်များပါဝင်သည့် ရုရှတပ်ဖွဲ့များကို အသင့်အနေအထားရှိစေရန် ညွှန်ကြားထားသည် ဆိုသည့် ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ကြေညာချက် ထွက်လာပြီးနောက် ယင်းနှင့်ပတ်သက်ပြီး အနောက်အုပ်စုထံမှ အုတ်အော်သောင်းနင်း ကန့်ကွက်ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ဖေဖေါ်ဝါရီ ၂၈ ရက်တွင် ကျူးကျော်ဝင်ရောက်နေသည့် ရုရှတပ်ဖွဲ့များသည် ယူကရိန်းတပ်များ၏ အပြင်းအထန် ခုခံမှုကို ရင်ဆိုင်နေခဲ့ရသည်။

ယူကရိန်း ပဋိပက္ခအရေး ဆွေးနွေးရန် ကုလသမဂ္ဂ အထွေထွေညီလာခံက တနင်္လာနေ့တွင် ကြုံတောင့်ကြုံခဲ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်သွားရန် ရှိနေသည်။ ယူကရိန်း ပဋိပက္ခကြောင့် လူ့အသက် အများအပြား ဆုံးရှုံးထားစေခဲ့ပြီး လူသန်းနှင့်ချီ အိုးအိမ်စွန့်ခွာရမှု အခြေအနေများ ဖြစ်စေမည့်အပေါ် စိုးရိမ်ပူပန်မှုများကိုလည်း ထွက်ပေါ်ထားစေခဲ့သည်။

ဘယ်လာရုစ် နယ်စပ်တွင် ရုရှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် သဘောတူထားကြောင်း ယူကရိန်းက ပြောခဲ့ပြီး ယင်းသည် စစ်ပွဲ စတင်ပြီးနောက် နှစ်ဘက်အကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်မည် ဖြစ်သည်။

ရုရှသည် ဖေဖေါ်ဝါရီ ၂၄ ရက်က ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး အဓိကကျသည့် ယူကရိန်း စစ်ဘက်အဆောက်အအုံများကို ဖျက်ဆီးထားနိုင်ခဲ့ကြောင်း မဆိုင်းမတွ ကြေညာခဲ့သော်လည်း ယင်းနောက်ပိုင်းမှစပြီး ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပေါ်ထားခဲ့သည်။

အနောက်နိုင်ငံများမှ လက်နက်များ ပံ့ပိုးပေးထားသည့် ယူကရိန်းတပ်ဖွဲ့များသည် ရုရှတပ်ဖွဲ့များ၏ ချီတက်မှုကို ပိတ်ဆို့တားဆီးလျက် ရှိကြောင်း အမေရိကန်က ပြောခဲ့သည်။ ယူကရိန်းကို ကျူးကျော်သည့် ရုရှအပေါ် အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုက ပြစ်တင်ရှုတ်ချထားသလို ဒဏ်ခတ်ပိတ်ဆို့မှုများလည်း ချမှတ်လုပ်ဆောင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required