ယူကရိန်း ငြိမ်းချမ်းရေးအတွက် ရုရှ ဘီလျှံနာ နှစ်ဦး တောင်းဆို 

ယူကရိန်း ငြိမ်းချမ်းရေးအတွက် ရုရှ ဘီလျှံနာ နှစ်ဦး တောင်းဆို 

ဖေဖော်ဝါရီ ၂၈

သမ္မတ ဗလာဒီမာ ပူတင်၏ ယူကရိန်းနိုင်ငံအား ကျူးကျော်တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပွားလာသော ပဋိပက္ခအား အဆုံးသတ်ရေးအတွက် ရုရှဘီလျှံနာသူဌေးကြီး နှစ်ဦးဖြစ်သည့် မီခေးလ် ဖရက်မန်းနှင့် အိုလက် ဒါရီပါစကာတို့က တောင်းဆိုပြီး နှစ်နိုင်ငံပြည်သူများအတွက် အဖြစ်ဆိုးပဲ ဖြစ်သည်ဟု ဖရက်မန်းက ပြောသည်။ 

ယင်း ပဋိပက္ခသည် ရာစုနှစ်ချီ ညီရင်းအစ်ကို ဖြစ်ခဲ့သော ရုရှအရှေ့ပိုင်းက ဆလက်ဗ်ပြည်သူများနှင့် ယူကရိန်းပြည်သူများကြား သွေးခွဲနေသည်ဟု ယူကရိန်းတွင် မွေးဖွားသော ဘီလျှံနာသူဌေးကြီး ဖရက်မန်းက ဝန်ထမ်းများအား စာရေးသားပြောဆိုသည်။ 

“ကျွန်တော်ဟာ အနောက်ယူကရိန်းမှာ ‌မွေးဖွားပါတယ်၊ အဲဒီမှာ ကျွန်တော် အသက် ၁၇ နှစ်အထိ နေထိုင်ခဲ့တာ ဖြစ်တယ်၊ ကျွန်တော်မိဘတွေဟာ ယူကရိန်းနိုင်ငံသားတွေ ဖြစ်ကြပြီး Lviv မြို့မှာ နေထိုင်ကြတယ်၊ အဲဒီမြို့ဟာ ကျွန်တော် သဘောအကျဆုံးပဲ”ဟု ရိုက်တာက မြင်တွေ့ခွင့်ရသော ယင်းစာ၌ ဖရက်မန်းက ကောက်နုတ်ဆိုထားသည်။ 

“ဒါပေမဲ့ ကျွန်တော်ဟာ ရုရှနိုင်ငံသားအဖြစ် ဘဝကို ဖြတ်သန်းလာခဲ့တယ်၊ စီးပွားရေးတွေ တည်ဆောက်တယ်၊ ယူကရိန်းနဲ့ ရုရှပြည်သူတွေကို ကျွန်တော် နက်နက်ရှိုင်းရှိုင်း သံယောဇဉ် ရှိတယ်၊ လက်ရှိ ပဋိပက္ခဟာ နှစ်ဖက်ပြည်သူတွေအတွက် အဖြစ်ဆိုးပါပဲ”ဟု ၎င်းက ရေးသားသည်။ 

ရုရှဘီလျှံနာ အိုလက် ဒါရီပါစကာကလည်း “ဖြစ်နိုင်သမျှ မြန်မြန်ဆန်ဆန်” ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စရန် ‌Telegram တွင် ပို့စ်တင်၍ တောင်းဆိုသည်။ 

“ငြိမ်းချမ်းရေးဟာ အရမ်း အရေးကြီးပါတယ်”ဟု ရုရှအလူမီနီယံကုမ္ပဏီကြီး Rusal ကို တည်ထောင်သူ ဒါရီပါကစကာက တောင်းဆိုသည်။ 

၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကို ကြားဝင်စွက်ဖက်သည်ဟု စွပ်စွဲပြီးနောက် ပူတင်နှင့် ဆက်စပ်မှုရှိသည့် ဒါရီပါစကာနှင့် အခြား ဩဇာရှိ ရုရှနိုင်ငံသားများကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ ရွေးကောက်ပွဲ၌ ကြားဝင်စွက်ဖက်ခြင်းမရှိဟု ရုရှက ငြင်းဆန်သည်။ 

ပူတင်၏ ယူကရိန်းအား ကျူးကျော်ခြင်းကြောင့် အနောက်အုပ်စုက ရုရှအပေါ်  ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည့်နောက် ရုရှ၌ နိုင်ငံရေးအာဏာ ဆုပ်ကိုင်ထားသော လူနည်းစုအသိုင်းအဝိုင်းသည် စီးပွားရေး ကမောက်ကမဖြစ်မှုများနှင့် ရင်ဆိုင်နေရလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required