ပါကစ္စတန်၏ လက်ရှိအစိုးရသည် နိုင်ငံသမိုင်းတွင် အညံ့ဆုံးဟု အစ္စလမ္မစ်ပါတီ ခေါင်းဆောင် ဝေဖန်

By Zee5
26 February 2022
ပါကစ္စတန်၏ လက်ရှိအစိုးရသည် နိုင်ငံသမိုင်းတွင် အညံ့ဆုံးဟု အစ္စလမ္မစ်ပါတီ ခေါင်းဆောင် ဝေဖန်

ပါကစ္စတန်ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အာဏာရ (ပီတီအိုင်) အစိုးရသည် နိုင်ငံသမိုင်းတွင် အညံ့ဆုံး အစိုးရ ဖြစ်ကြောင်း အစ္စလမ္မစ် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည့် ဂျမတ်-အီ-အစ္စလမ်မီ (JI) ၏ အကြီးအကဲ ဆီရာဂျူလ် ဟက်ခ်က ဝေဖန်ပြောဆိုခြင်းကို The News International သတင်းဌာနတွင် ဖော်ပြသည်။

ဟက်ခ်သည် ဖေဖေါ်ဝါရီ ၁၈ ရက်က ဂူရန်ဝါလာမြို့တွင် ပြုလုပ်သည့် JI ပါတီ၏ အစိုးရဆန့်ကျင်ရေး တတိယမြောက် လူထုဆန္ဒပြပွဲတစ်ခု၌ မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောဆိုသွားခဲ့ခြင်း ဖြစ်သည်။

အာဏာရအစိုးရ၏ အုပ်ချုပ်ပုံ ညံ့ဖျင်းမှု၊ ဗဟိုဘဏ်ကို IMF ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်စေမှု၊ IMF က ဆုံးဖြတ်ပြဋ္ဌာန်းပေးနေသည့် စီးပွားရေး မူဝါဒများရှိနေမှု၊ ငွေကြေးဖောင်းပွမှုများ ဆက်ရှိနေမှု၊ IMF ၏ တောင်းဆိုချက်များအတိုင်း ကိုက်ညီစေရန် အသေးစား ဘက်ဂျက်များ ဖော်ဆောင်မှု၊ အကျင့်ပျက်ခြစားမှု၊ အလုပ်လက်မဲ့မှုနှုန်းများပြားမှုတို့နှင့်ပတ်သက်ပြီး နေရာ ၁၀၁ ခုတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ပွဲများ လုပ်ဆောင်ရန် JI ပါတီက ရည်ရွယ်ထားကြောင်း The News International သတင်းဌာနက ဖော်ပြသည်။

လက်ရှိအစိုးရသည် နိုင်ငံအတွက် ဒုက္ခကျရောက်စေသော ဆူနာမီလှိုင်းတစ်ခုသဖွယ် ဖြစ်နေသည်ဆိုသည်ကို လက်တွေ့ ပြသထားပြီး ဖြစ်သလို ပြီးခဲ့သည့် ၃ နှစ်ခွဲတာကာလအတွင်း ဌာနမှန်သမျှကို ဖျက်ဆီးပစ်ခဲ့ကြောင်း ဟက်ခ်က ပြောသည်။

အာဏာရအစိုးရကြောင့် ဖြစ်ပေါ်ခဲ့သည့် အဆိုးဆုံးသော ထိခိုက်ပျက်စီးမှုက နိုင်ငံ၏ စီးပွားရေး အခွင့်အာဏာကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ငွေချေးအဖွဲ့အစည်းများထံ အပ်နှံရခြင်းဖြစ်ကြောင်း ဟက်ခ်က ပြောခဲ့သည်ဟု ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

ဖေဖေါ်ဝါရီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် JI ပါတီ၏ ဆန္ဒပြပွဲတွင် အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များ အပါအဝင် လူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့သည် ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ အစိုးရဆန့်ကျင်ရေး စာတန်းများနှင့် ပါတီအလံများ ကိုင်ဆောင်ဝှေ့ရမ်းခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly