တရုတ်က ပြည်တွင်းအကျပ်အတည်းများကို အာရုံလွဲရန် ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခကို ဖန်တီးလာနိုင်

တရုတ်က ပြည်တွင်းအကျပ်အတည်းများကို အာရုံလွဲရန် ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခကို ဖန်တီးလာနိုင်

တရုတ်အစိုးရက ပြည်တွင်းအကျပ်အတည်းများကို အာရုံလွဲရန် ထိုင်ဝမ်ရေလက်ကြားတွင် ပဋိပက္ခကို စတင်နိုင်သည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူက ပြောကြားလိုက်သည်။

တရုတ်စီးပွားရေး တန့်သွားခြင်း၊ အဖိနှိပ်ခံ တိုင်းရင်းသား လူနည်းစုများ မကျေမနပ် တိုးလာခြင်း သို့မဟုတ် ပြည်တွင်းအကျပ်အတည်း ဖြစ်ပေါ်လာပါက အာရုံပြောင်းရန် တရုတ်က ပဋိပက္ခကို စတင်နိုင်ကြောင်း ITV News နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၎င်းက ပြောကြားခဲ့သည်ဟု Taiwan News သတင်းက ဖော်ပြခဲ့သည်။

ထိုင်ဝမ်က တရုတ်က တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်စွမ်းကို ခိုင်မာအားကောင်းကောင်ပြုလုပ်ထားမည်ဖြစ်သလို ပိုင်နက်အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီကို အပြည့်အဝကာကွယ်သွားမည်ဟုလည်း ဂျိုးဇက်ဝူက ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်က ဆောင်းရာသီအိုလံပစ်ပွဲတော်ကို လောလောဆယ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနေချိန်တွင် တရုတ်၏ ဂုဏ်ကျက်သရေကို မထိခိုက်စေရန် လောလောဆယ်တွင် တိုက်ခိုက်မှုမျိုး ပြုလုပ်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့သည်။

သို့သော်ထိုင်ဝမ်၏ လေကြောင်းကာကွယ်ရေးသတ်မှတ်ရေးဇုန်အတွင်းသို့ ၂၀၂၁ခုနှစ်တွင် တရုတ် လေယာဉ်များ အကြိမ် ၁၀ဝ၀ နီးပါးမှ ကျူးကျော်ဝင်ရောက်ခြင်းက ထိုင်ဝမ်ကို ကျူးကျော်ရန် တရုတ်၏ ရည်ရွယ်ချက်သည် ဘယ်သောအခါမှ ပျောက်ကွယ်သွားခြင်းမရှိသည်ကို တွေ့မြင်နိုင်သည်။

၂၀၂၀ပြည့်နှစ်တွင် တရုတ်က အမျိုးသားလုံခြုံရေးဥပဒေကို အတည်ပြုပြီးနောက်ပိုင်း ဟောင်ကောင်၏ အခြေအနေနှင့် ပတ်သက်၍ အလွန်အမင်း စိုးရိမ်မိကြောင်း ဝူက ပြောကြားခဲ့သည်။

ဟောင်ကောင်၏ ကွယ်ပျောက်နေသော ဒီမိုကရေစီ၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးကြောင့် “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” သည် မုသားဖြစ်ကြောင်း သက်သေပြခဲ့သည်ဟု ၎င်းက မှတ်ချက်ကို Taiwan News တွင် ဖော်ပြထားသည်။

ထိုင်ဝမ်သည် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်၏ သက်ဦးဆံပိုင်အစိုးရသည် ထိုင်ဝမ်အား တစ်ရက်မှပင် အုပ်စိုးခြင်းမရှိခဲ့ဘဲ ထိုင်ဝမ်သည် အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ဒီမိုကရေစီတိုက်ပွဲဝင်နေသည့် ရှေ့တန်းနိုင်ငံဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly