ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ထဲ ရုရှတပ်ဖွဲ့ဝင်များ ဝင်လာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေ

ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ထဲ ရုရှတပ်ဖွဲ့ဝင်များ ဝင်လာပြီးနောက် တိုက်ပွဲများ ဖြစ်ပွားနေ
Photo - AFP

ဖေဖေါ်ဝါရီ ၂၇

ယူကရိန်း၏ ဒုတိယအကြီးဆုံးမြို့ ဖြစ်သည့် ခါကိဗ်မြို့ထဲသို့ ရုရှတပ်ဖွဲ့ဝင်များ ဝင်ရောက်လာခဲ့ပြီးနောက် ယနေ့ ဖေဖေါ်ဝါရီ ၂၇ ရက်တွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသ စီမံအုပ်ချုပ်မှုဆိုင်ရာ အကြီးအကဲက ပြောသည်။

ယနေ့သည် ယူကရိန်းအပေါ် ရုရှ ကျူးကျော်ဝင်ရောက်မှု၏ လေးရက်မြောက်နေ့ ဖြစ်သည်။

“ရန်သူ ရုရှတို့ရဲ့ အပေါ့စားယာဉ်တွေ ခါကိဗ်မြို့ထဲ ဝင်လာခဲ့ပါပြီ” ဟု ဒေသအကြီးအကဲဖြစ်သည့် အိုလက်ဂ် ဆီနက်ဂူဘော့ဗ်က ဖေ့ဘွတ်ခ်ပို့စ်တစ်ခုတွင် ပြောသည်။ တစ်ဆက်တည်းမှာပင် ဒေသခံများ ခိုလှုံရာနေရာများကနေ အပြင်မထွက်ကြရန် ၎င်းက တိုက်တွန်းထားသည်။

“ယူကရိန်း စစ်တပ်ဟာ ရန်သူတွေကို ရှင်းထုတ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ခါကိဗ်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေချိန် အနောက်ဘက် ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀) အကွာတွင် တည်ရှိသည့် မြို့တော် ကိယက်ဗ်သည် အဖျက်အမှောင့်အဖွဲ့များနှင့် တိုက်ခိုက်မှုများ ရှိခဲ့သည်မှလွဲပြီး ယူကရိန်းတပ်ဖွဲ့များ၏ အပြည့်အဝ ထိန်းချုပ်မှုအောက်တွင် ဆက်ရှိနေဆဲဖြစ်သည်။

ရုရှတပ်ဖွဲ့ဝင်များသည် ယူကရိန်း တောင်ပိုင်း ခါဆန်မြို့ နှင့် အရှေ့တောင်ပိုင်းရှိ ဘာ့ဒ်ယန့်စ် မြို့တို့ကို ဝိုင်းထားနိုင်ပြီဖြစ်ကြောင်း ရုရှ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ပြောသည်။

“ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ခါဆန်နဲ့ ဘာ့ဒ်ယန့်စ်မြို့တွေကို ရုရှတပ်တွေက လုံးလုံးလျားလျား ပိတ်ဆို့ထားနိုင်ခဲ့ပါပြီ” ဟု ရုရှ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီဂေါ် ကိုနာရှန်ကော့ဗ်က ထုတ်ပြန်ပြောဆိုသည်။

ထို့ပြင် ရုရှတပ်ဖွဲ့များသည် အဇော့ပင်လယ်အနီး ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့် ဂျနစ်ချက်စ်မြို့နှင့် ခါဆန်အနီး လေယာဉ်ကွင်းတစ်ခုတို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဖေဖေါ်ဝါရီ ၂၇ ရက်အထိ ယူကရိန်းရှိ စစ်ဘက် အဆောက်အအုံ ၉၇၅ ခု ကို ဖျက်ဆီးနိုင်ခဲ့ပြီး တိုက်လေယာဥ် ရှစ်စင်း၊ ရဟတ်ယာဉ် ခုနစ်စင်းနှင့် ဒရုန်း ၁၁ စင်းတို့ကို ပစ်ချထားနိုင်ခဲ့ကြောင်း ရုရှစစ်တပ်က ပြောသည်။

ထို့ပြင် ယူကရိန်းစစ်သားများသည် အလုံးအရင်းဖြင့် လက်နက်ချမှုများ ရှိခဲ့ကြောင်း ကိုနာရှန်ကော့ဗ်က ပြောသည်။

ခါကိဗ်မြို့အနီး လေကြောင်းရန် ကာကွယ်ရေး ဒုံးတပ်ဖွဲ့တစ်ခုမှ တပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ကြောင်းနှင့် ယူကရိန်းစစ်သည် ၄၇၀ကျော်ကို ထိန်းသိမ်းထားခဲ့ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ပြောကြားချက်များနှင့်ပတ်သက်ပြီး သီးခြား လွတ်လပ်စွာ အတည်ပြုနိုင်ခြင်း မရှိသေးဘဲ ယူကရိန်းဘက်ကလည်း မိမိတို့၏ တိုက်ခိုက်မှုများကြောင့် ရုရှတပ်ဖွဲ့များ သေကျေ၊ ဒဏ်ရာရမှု အများအပြား ဖြစ်ပေါ်ထားသည်ဟု အခိုင်အမာ ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly