ကိယက်ဗ်မြို့တော် လမ်းများတွင် ယူကရိန်းနှင့် ရုရှ တပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်

ကိယက်ဗ်မြို့တော် လမ်းများတွင် ယူကရိန်းနှင့် ရုရှ တပ်များအကြား တိုက်ပွဲအပြင်းအထန် ဖြစ်
Photo - AFP

ဖေဖေါ်ဝါရီ ၂၇

ယူကရိန်းစစ်သားများသည် မြို့တော် ကိယက်ဗ်၌ ရုရှတပ်ဖွဲ့၏ တိုက်ခိုက်မှုတစ်ခုကို တွန်းလှန်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဖေဖေါ်ဝါရီ ၂၆ ရက်တွင် ပြောသည်။

ယင်းမတိုင်မီကလည်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက အနောက်အုပ်စုကို လိုလားသော ၎င်းတို့နိုင်ငံအနေဖြင့် ရုရှကို ဦးညွှတ်သွားမည် မဟုတ်ကြောင်း သန္နိဋ္ဌာန်ချ ပြောဆိုခဲ့သည်။

“ကျွန်တော် ဒီမှာပဲ ရှိနေပါတယ်။ ကျွန်တော်တို့ လက်နက် ချမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ကျွန်တော့်တို့ နိုင်ငံကို ခုခံကာကွယ်ပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ လက်နက်တွေက ကျွန်တော်တို့ရဲ့ အမှန်တရားဖြစ်လို့ပါ” ဟု ဇယ်လန်စကီးက ပြောသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်း၏ စစ်ဘက် အခြေခံအဆောက်အအုံကို ခရု(စ်) ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ရုရှက ပြောသည်။

စိမ်းဝါရောင် စစ်ဘက်ပုံစံ အဝတ်အစားကို ဝတ်ထားပြီး ပင်ပန်းနွမ်းနယ်နေပုံပေါ်သော်လည်း အလျှော့မပေးသည့် ဟန်ရှိသည့် ဇယ်လန်စကီးက “ဒါက ကျွန်တော်တို့ မြေပါ။ ကျွန်တော်တို့ နိုင်ငံပါ။ ကျွန်တော်တို့ ကလေးငယ်တွေပါ။ ဒါတွေအားလုံးကို ကျွန်တော်တို့ ကာကွယ်သွားပါမယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ အမှန်တရားပါပဲ” ဟု ပြောခဲ့သည်။

ရုရှခေါင်းဆောင် ဗလာဒီမာ ပူတင်၏ အမိန့်ပေးမှုနှင့်အတူ ရုရှက ယူကရိန်းအပေါ် လုံးလုံးလျားလျား ကျူးကျော်မှု လုပ်ဆောင်နေသည်မှာ ယမန်နေ့ကဆိုလျင် သုံးရက်မြောက် ရှိသွားပြီဖြစ်သည်။ ရုရှက ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် လူအများအပြား သေဆုံးခဲ့သလို ၄၈ နာရီအတွင်း ယူကရိန်းကနေ လူပေါင်း ၅၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရပြီဖြစ်ကာ ဥရောပဒေသ၌ ကျယ်ပြန့်သော ပဋိပက္ခတစ်ခုနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကိုလည်း ထွက်ပေါ်ထားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာကြီးအနေဖြင့် အချိန်ရှည်ကြာသော စစ်ပွဲတစ်ခုအတွက် အသင့်ပြင်ဆင် အားတင်းထားရလိမ့်မည်ဟု ပြင်သစ်သမ္မတ အီမန် နျူရယ် မက်ခရွန်က သတိပေးသည်။

“ဒီ အကျပ်အတည်းက အချိန်ကြာပါလိမ့်မယ်။ ဒီ စစ်ပွဲကလည်း အချိန်ကြာပါလိမ့်မယ်။ ပြီးတော့ ဒါနဲ့အတူ ပါလာမယ့် အကျပ်အတည်းတွေက ကြာရှည်တဲ့ အကျိုးဆက်သက်ရောက်မှုတွေ ရှိပါလိမ့်မယ်။ ဒီတော့ကျွန်တော်တို့ ပြင်ဆင်ထားရပါလိမ့်မယ်” ဟု မက်ခရွန်က ပြင်သစ်နိုင်ငံရှိ စိုက်ပျိုးရေး ကုန်စည်ပြပွဲတစ်ခုတွင် ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly