ယူကရိန်းကို ကျူးကျော်စဉ် အဖျက်စွမ်းအားမြင့် သာမိုဘားရစ်လက်နက်များကို ပူတင် ထုတ်သုံးလာနိုင်ဟု ဆို

ယူကရိန်းကို ကျူးကျော်စဉ် အဖျက်စွမ်းအားမြင့် သာမိုဘားရစ်လက်နက်များကို ပူတင် ထုတ်သုံးလာနိုင်ဟု ဆို
Photo - AFP

ဖေဖေါ်ဝါရီ ၂၇

ရုရှသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ယူကရိန်းကို ချေမှုန်းရန် သာမိုဘားရစ် ဟု ခေါ်သည့် လက်နက်များ အသုံးပြုပါက ယူကရိန်းအပေါ် ရုရှ၏ ထိုးစစ်ဆင်မှုက အရှိန်မြင့်တက်လာနိုင်ဖွယ် ရှိကြောင်း ကျွမ်းကျင်ပညာရှင်များက စိုးရိမ်တကြီး သတိပေးခဲ့ကြသည်။

သာမိုဘားရစ် လက်နက်များကို လူမဆန် အရက်စက်ဆုံး စစ်လက်နက်များအနက် တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ထို သာမိုဘားရစ် ဒုံးများတွင် အလွန်တရာ ပေါက်ကွဲအားမြင့်မားသော လောင်စာနှင့် ဓာတုအရော ဖြည့်သွင်းထားပြီး ပေါက်ကွဲပါက ယင်းသည် အသံထက်မြန်သော ပေါက်ကွဲမှုလှိုင်းများကို ဖြစ်စေကာ အဆောက်အအုံများနှင့် လူအပါအဝင် ယင်း၏ လမ်းကြောင်းရှိ အရာမှန်သမျှကို ချေဖျက်သွားနိုင်သည်။ ယင်းတို့ကို aerosol ဗုံးများ သို့မဟုတ် လေဟာနယ်ဗုံးများအဖြစ်လည်း သိကြသည်။

ယူကရိန်း မြို့တော် ကိယက်ဗ် နှင့် အခြား မြို့ကြီးများသို့ ဦးတည်ရွေ့လာနေသည့် မြင်တွေ့ထားခဲ့ရသည့် ရုရှလက်နက်များထဲတွင် TOS-1 ဖြစ်သည့် သာမိုဘားရစ် ရော့ကက် လောင်ချာများ ပါဝင်သည်ဟု သိရသည်။ ယင်းတို့ကို ပစ်မှတ်အတိအကျ ပစ်နိုင်သည့် တိုက်ခိုက်မှုများအတွက် အသုံးမပြုသော်လည်း မြေပြင်ဧရိယာများကို ရှင်းလင်းရန်အတွက် အသုံးချနိုင်သည်။

ရုရှတို့ ဆီးရီးယားတွင် ထိုလက်နက်များ အသုံးပြုခဲ့ကြောင်း ပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ထိုဗုံးများ က မည်သို့ ဖြစ်ပေါ်စေသလဲ ဆိုသည်ကို ပို့စ်မောက် တက္ကသိုလ်မှ ပီတာလီက ၂၀၁၆ ခုနှစ်တွင် ရှင်းပြခဲ့သည်။

“ခင်ဗျားအနေနဲ့ အသက်ပြင်းပြင်း ရှူပြီး ရေထဲမှာ ငုပ်လိုက်တယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီနောက် ခင်ဗျား ခန္ဓာကိုယ်ကနေ အောက်ဆီဂျင်အားလုံး တစ်ပြိုင်နက်တည်း တွန်းကန်ထွက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ထပ်ပြီး အသက်ရှူဖို့ ကြိုးစားကြည့်ပါ။ ဒါပေမယ့် ရေအေးတွေက ခင်ဗျားရဲ့ အဆုတ်ထဲ ဖြည့်မယ့်အစား အဆိပ်ဖြစ်စေတဲ့၊ လောင်ကျွမ်းစေတဲ့ အမှုန်အမွှားတွေက အတွင်းကနေ အပြင်ကို ပြန်ပြီး ခင်ဗျားကို စသတ်ပါတော့တယ်” ဟု ၎င်းက ရေးခဲ့သည်။

ထို သာမိုဘားရစ် ဗုံးများထက် ပို၍ ဆိုးသည်က နျူကလီးယားတိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်သည့် ပေါက်ကွဲမှုများသာ ရှိတော့သည်။ ရုရှသည် ထို သာမိုဘားရစ် ဒုံးများကို ချေချင်းညာနှင့် ဆီးရီးယားတွင် အသုံးပြုထားခဲ့သည်ဟု ပြောဆိုသံများ ထွက်ပေါ်ထားခဲ့သည်။

“TOS-1 စီးရီး သာမိုဘားရစ် ရော့ကက် လောင်ချာတွေအပါအဝင် ရုရှ ကျူးကျော်မှုအတွင်းမှာ စစ်လက်နက်ပစ္စည်း အမျိုးအစား အများအပြားကို တွေ့ထားခဲ့ရပါတယ်။ ခုချိန်အထိတော့ တိုက်ခိုက်မှုတွေမှာ အတော်အသင့် အကန့်အသတ်ရှိထားပေမယ့် ရုရှတို့ ချေချင်းညာလိုမျိုးမှာ ဒါမျိုးကို သုံးထားတဲ့ သမိုင်းကြောင်း ရှိတာကို ထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့ TOS-1 ဟာ ကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်နိုင်ခြေအလားအလာ ရှိပါတယ်” ဟု လက်နက်နှင့် အမြောက် သတင်းအချက်အလက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် အင်န်အာရ် ဂျန်ဇန် ဂျုံးစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly