ကော့မှူးမြို့နယ်တွင် ပေါက်ကွဲသည့် နေရာကို လာစစ်သည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရ

ကော့မှူးမြို့နယ်တွင် ပေါက်ကွဲသည့် နေရာကို လာစစ်သည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီတပ်သား ၂ ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီ မိနစ် ၃၀ ခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ည ၉ နာရီခန့်တွင် ထိုနေရာသို့ လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့ တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ထိုပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဘက်မှ နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့၍ လက်ရှိတွင် ရန်ကုန်စစ်ဆေးရုံ၌ တက်ရောက်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ထားသူ မဆယ်ဆိပ်ကျေးရွာနေ ကိုခင်ဇော် ဆိုသူ၏ နေအိမ်ရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း သိရသည်။

“မဆယ်ဆိပ်က ဒလန်အိမ်ရှေ့မှာ ဖေဖော်ဝါရီလ ၂၃ ရက် ည ၈ နာရီ ၃၀ မိနစ်လောက်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်တယ်။ အဲ့ဒီပေါက်ကွဲမှုကို လာစစ်တဲ့ စစ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား အဲ့ဒီနေ့ ည ၉ နာရီလောက်မှာ မဆယ်ဆိပ်ရွာ ဘုရားကြီးနားမှာ အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့တယ်။ သေနတ်သံ အချက်ရေ ၅၀ ကျော်လောက် ကြားလိုက်ရတယ်” ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီ အင်အားအများအပြား ထပ်မံရောက်ရှိလာကာ မဆယ်ဆိပ်ကျေးရွာ အနီးတစ်ဝိုက် တောနင်းရှာဖွေခြင်း၊ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများ ရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူး၊ ကွမ်းခြံကုန်းနှင့် တွံတေးမြို့နယ်များတွင် စစ်ကောင်စီသတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူများ နှင့် စစ်ကောင်စီဒေါက်တိုင်များ တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ မြို့နယ်များကို အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း အင်အားသုံးဖိနှိပ်လျက်ရှိနေသည်။

#ကော့မှူးမြို့နယ်

#စစ်ကောင်စီတပ်

#ကာကွယ်ရေးတပ်ဖွဲ့

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly