ယူကရိန်း ကျူးကျော်စစ်ကို ရှောင်လွှဲနိုင်ရေး တရုတ်အကူအညီရရန် အမေရိကန် ကြိုးစားခဲ့သော်လည်း တရုတ်က ရုရှထံ သတင်းပေး 

ယူကရိန်း ကျူးကျော်စစ်ကို ရှောင်လွှဲနိုင်ရေး တရုတ်အကူအညီရရန် အမေရိကန် ကြိုးစားခဲ့သော်လည်း တရုတ်က ရုရှထံ သတင်းပေး 

ဖေဖော်ဝါရီ ၂၆

ယူကရိန်းကို ကျူးကျော်ရေး ရုရှ၏ ဖြစ်လာအံ့သော အစီအစဉ်ကို ပြီးခဲ့သည့် နှစ်နှောင်းပိုင်းက တရုတ်ထံ အမေရိကန်တာဝန်ရှိသူများက တပ်လှန့်သတိပေးခဲ့သော်လည်း တရုတ်သည် အမေရိကန်၏ သတင်းစကားကို ရုရှထံ ပေးပို့ပြီး မည်သည့် လှုပ်ရှားလုပ်ဆောင်ချက်ကိုမဆို ရပ်တန့်ရန် ကြိုးစားလိမ့်မည်မဟုတ်ဟု အာမခံခဲ့ကြောင်း ယင်းအရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

“၂၀၂၁ ဒီဇင်ဘာလအတွင်းက သံခင်းတမန်ခင်း အပြန်အလှန် ပြောဆိုရာမှာ ရုရှနိုင်ငံဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေကြောင်း အမေရိကန်က တရုတ်ကို သတိပေးခဲ့တယ်”ဟု သမ္မတ ဂျိုး ဘိုင်ဒင် အစိုးရအဖွဲ့မှ အကြီးတန်းတာဝန်ရှိသူ ၎င်း သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ သံခင်းတမန်ခင်း ဆွေးနွေးမှုက ထိလွယ်ရှလွယ် အရေးကိစ္စဖြစ်၍ အမည်မဖော်ဘဲ သတင်းရင်းမြစ်က ဆိုခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်တွေက ညွှန်ပြနေတာကတော့ တရုတ်ဟာ အဲဒီနောက်မှာ ရုရှဆီ သတင်းပေးခဲ့တယ်၊ တရုတ်နဲ့ ရုရှအကြား ကွာပြဲအောင် အမေရိကန်က ကြိုးစားနေတယ်လို့ မှတ်ချက်ပြုပြီး ကျူးကျော်မှုမှာ ရုရှကို တရုတ်အနေနဲ့ ဖျောင်းဖျဖို့ ကြိုးစားမှာ မဟုတ်ဘူးလို့ ဆိုခဲ့တယ်”ဟု ၎င်းက ပြောသည်။ 

ရုရှ၏ ရုတ်တရက်ဖြစ်ပြီး လူသေဆုံးမှုများရှိသော ယူကရိန်းအား ကျူးကျော်မှု နှစ်ရက်မြောက်၌ ရုရှနှင့် တရုတ်၏ ကြီးထွားလာသော မိတ်ဖက်ပြုမှု အတိုင်းအတာကို The New York Times တွင်သောကြာနေ့က ဖော်ပြသော အဆိုပါ သတိပေးချက်များက မီးမောင်းထိုးပြလျက် ရှိသည်။ 

ယူကရိန်းအပေါ် ဖြစ်လာတော့မည့် တိုက်ခိုက်မှုအကြောင်း သတိပေးရန် အမေရိကန်၏ အားထုတ်မှုများကို မျက်ကွယ်ပြုသူများကြား၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီနှင့် အမေရိကန်ဆိုင်ရာ တရုတ်သံအမတ်ကြီး ကျင်ကျန်းတို့လည်း ပါဝင်ပြီး ရုရှက ကျူးကျော်လိမ့်မည်မဟုတ်ဟုဘဲ အခိုင်အမာ ဆိုနေခဲ့ကြောင်း The Times အရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းအား တိုက်ခိုက်ရန် အမိန့်ပေးသည့် ရုရှသမ္မတ ဗလာဒီမာ ပူတင်ကို ရှုတ်ချရမည်ကို ငြင်းဆန်ခြင်းအတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ပြောခွင့်ရသူက တိုက်ခိုက်မှုအကြောင်း တရုတ်အား အမေရိကန်အနေဖြင့် သတိပေးခဲ့ကြောင်းကို အတည်ပြုသော်လည်း ဆွေးနွေးပွဲ အသေးစိတ်နှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။ 

“ပြီးခဲ့တဲ့လတွေအတွင်းမှာ ကျွန်တော်တို့ နိုင်ငံအများစုကို ယူကရိန်းဝန်းကျင် ရုရှတပ်စွဲထားတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အလွန်အမင်း စိုးရိမ်ပူပန်မှုကို သတင်းပေးခဲ့တယ်၊ ရှေ့တိုးကျူးကျော်မှုက ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးကို သက်ရောက်လာလိမ့်မယ်လို့ ကျွန်တော်တို့ အသိပေးခဲ့တယ်၊ ဒီလို အသိပေးရာမှာ တရုတ်နိုင်ငံလည်း အပါအဝင် ဖြစ်တယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly