အာဖဂန်နစ္စတန်၏ တာလီဘန်အဖွဲ့တွင်း သဘောကွဲလွဲမှုများနှင့်အတူ အက်ကွဲကြောင်း ဖြစ်ပေါ်နေ

By Afghanistan Sun
25 February 2022
အာဖဂန်နစ္စတန်၏ တာလီဘန်အဖွဲ့တွင်း သဘောကွဲလွဲမှုများနှင့်အတူ အက်ကွဲကြောင်း ဖြစ်ပေါ်နေ

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာကို အလွယ်တကူ ရယူထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် ယင်းအဖွဲ့အနေဖြင့် အာဏာကို ဆက်ထိန်းထားနိုင်ရေး လုပ်ဆောင်ရာတွင် ထင်ထားသည်ထက် ပိုမိုခက်ခဲသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည်။

လက်ရှိအချိန်တွင် တာလီဘန်အဖွဲ့အတွင်း ဂိုဏ်းဂဏပြိုင်ဆိုင်မှု ပြန်လည်ပေါ်ထွက်နေခြင်းသည် နိုင်ငံမြောက်ပိုင်းပြည်နယ်များအပေါ် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုပိုင်းကို သက်ရောက်မှုရှိနိုင်သည်။

လက်ရှိအချိန်တွင် တာလီဘန် ပြည်ထဲရေးဝန်ကြီး ဖြစ်သလို ဟက်ကာနီ ကွန်ရက် (HQN) ခေါင်းဆောင်လည်းဖြစ်သည့် ဆီရာဂျူဒင် ဟက်ကာနီ ၏ ရှေးရိုးစွဲသော လုပ်ကိုင်ဆောင်ရွက်ပုံနှင့် ၎င်း၏ အုပ်ချုပ်မှုအောက် ပက်ရှ်တွန်မျိုးနွယ်စုကို ဗြောင်ကျကျ လိုလားသော ရပ်တည်ချက်နှင့်ပတ်သက်ပြီး

စိုးရိမ်မကင်းဖြစ်နေကြောင်း တာလီဘန်ဒုဝန်ကြီးချုပ် မူလာ ဘာရာဒါ ဦးဆောင်သော ကန်ဒါဟာအုပ်စုက ထုတ်ဖော်ထားသည်ဟု မီဒီယာသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဘာရာဒါ အုပ်စုဂိုဏ်းနှင့် ဟက်ကာနီ အုပ်စုဂိုဏ်းအကြား အမြင်သဘောကွဲလွဲမှုများက တာလီဘန် တပ်ဖွဲ့ဝင်များအကြား အထူးသဖြင့် ပက်ရှ်တွန် မဟုတ်သည့် အခြားမျိုးနွယ်စုအုပ်စုများ လွှမ်းမိုးထားသည့် ပြည်နယ်များတွင် အင်အားလျော့နည်းမှုကို ဖြစ်စေနိုင်သည်။

အာဖဂန်နစ္စတန်ကို တာလီဘန်တို့ အချိန်တိုအတွင်း အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့ခြင်း၏ နောက်ကွယ်ရှိ အဓိကအကြောင်းရင်းများအနက် တစ်ခုမှာ ပက်ရှ်တွန် မဟုတ်သော ကေဒါများကို ယင်းအဖွဲ့၏ အောက်သို့ အောင်မြင်စွာ ဆွဲသွင်းနိုင်ခဲ့ခြင်း ဖြစ်ပြီး ထိုသို့ဖြင့် လူများစု ပက်ရှ်တွန်အသိုင်းအဝိုင်းကို ကျော်လွန်ပြီး ယင်း၏ ဆွဲဆောင်မှုကို ချဲ့ထွင်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တာလီဘန်တို့သည် ယင်း၏ တပ်ဖွဲ့ဝင်များအကြား လူနည်းစုဖြစ်သော မျိုးနွယ်စု အုပ်စုများ၏ ရည်မှန်းချက်များကို စီမံကိုင်တွယ်ရာတွင် ခက်ခဲသော အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရသည်။

ပက်ရှ်တွန် မဟုတ်သော အခြားမျိုးနွယ်စုများ လွှမ်းမိုးထားသည့် မြောက်ပိုင်းပြည်နယ်များတွင် အထက်ပါ ဖြစ်နိုင်ခြေပိုများလာသည်။

ယမန်နှစ် ဒီဇင်ဘာလက နိုင်ငံမြောက်ပိုင်းတွင် တာဂျစ်နှင့် ဥဇဘတ် တာလီဘန်တိုက်ခိုက်ရေးသမားများသည် ပက်ရှ်တွန် ကေဒါများထံမှ လက်နက်သိမ်းရန် ကြိုးပမ်းခဲ့ပြီး အဆိုပါ ပက်ရှ်တွန် ကေဒါများသည် Da’esh (ISIS) နှင့် အချိတ်အဆက်များ ရှိသည်ဟု စွပ်စွဲခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ကြောင်း The Times of Isreael က ဖော်ပြခဲ့သည်။

အလားတူ ဇန်နဝါရီလ ၁၃ ရက်ကလည်း ဖာယက်ဘ်ပြည်နယ် မိုင်မာနာမြို့တွင် အကြီးတန်း ဥဇဘတ် တာလီဘန်တပ်မှူး မက်ခ်ဒွန်း အလမ် ရက်ဘာနီ အဖမ်းခံရမှုဖြစ်စဉ် ဖြစ်ပြီးနောက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်ဖြစ်ရာ ယင်းသည် အထူးသဖြင့် နိုင်ငံမြောက်ပိုင်း ပြည်နယ်များတွင် ပက်ရှ်တွန်များနှင့် ပက်ရှ်တွန်မဟုတ်သော တာလီဘန်တပ်မှူး/တိုက်ခိုက်ရေးသမားများအကြား တင်းမာမှုများ တအုံနွေးနွေး ဖြစ်ပေါ်နေသည်ကို အလေးအနက်ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly