ကိယက်ဗ်မြို့တော် အဓိကလမ်းမကြီး၌ ရုရှတိုက်ခိုက်မှုကို တွန်းလှန်ခဲ့ရဟု ယူကရိန်း စစ်တပ်‌ ပြော 

ကိယက်ဗ်မြို့တော် အဓိကလမ်းမကြီး၌ ရုရှတိုက်ခိုက်မှုကို တွန်းလှန်ခဲ့ရဟု ယူကရိန်း စစ်တပ်‌ ပြော 
Photo - AFP

ဖေဖော်ဝါရီ ၂၆

ကိယက်ဗ်မြို့တော်၏ အဓိက လမ်းကြီးတစ်ခုတွင် ရုရှတိုက်ခိုက်မှုကို တွန်းလှန်ခဲ့ရကြောင်း ယူကရိန်းစစ်တပ်က စနေနေ့တွင် ပြောသည်။ 

ကိယက်ဗ်မြို့တော်ရှိ အောင်ပွဲရိပ်သာလမ်းမကြီးတွင် ရုရှက တပ်ရင်းတစ်ရင်းကို တိုက်ခိုက်လာကြောင်း၊ ယင်းတိုက်ခိုက်မှုကို တွန်းလှန်ခဲ့ရကြောင်း ယူကရိန်းစစ်တပ်က ၎င်း၏ တရားဝင် ဖေ့ဘုတ်စာမျက်နှာတွင် ဖြစ်ပွားရာနေရာအား အတိအကျ မဆိုဘဲ ဖော်ပြသည်။ 

ကိယက်ဗ်မြို့လယ်တွင် စနေနေ့ အစောပိုင်းက ကျယ်လောင်သည့် ပေါက်ကွဲသံများ ကြားရကြောင်း အေအက်ဖ်ပီ ဂျာနယ်လစ်တစ်ဦးက ပြောသည်။ 

ကိယက်ဗ်မြို့တော် တောင်ဘက်ရှိ Vasylkiv မြို့တွင်  ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သီးခြားပို့စ်တစ်ခု၌ ယူကရိန်းစစ်တပ်က ဆိုပြီး ရုရှသည် လေထီးစစ်သားများ ချပေးနိုင်ရန် ကြိုးစားနေသည်ဟု ဖြည့်စွက်ဆိုသည်။ 

ညသန်းခေါင်ယံ ဝန်းကျင်၌ ရုရှ ရဟတ်ယာဉ်တစ်စင်းနှင့် SU-25 လေယာဉ်တစ်စင်းတို့ကို ပစ်ချနိုင်ခဲ့သည်ဟုလည်း စစ်တပ်က ဆိုပြီး IL-76 စစ်တပ်သယ်ပို့လေယာဉ်တစ်စင်းကိုလည်း ဖျက်ဆီးနိုင်ခဲ့သည်ဟု ပို့စ်တင် ရေးသားသည်။ 

ယင်း လေယာဉ်ပေါ်တွင် လူမည်မျှ လိုက်ပါလာသည်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။ 

ရုရှ ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ ယခု ဆုံးရှုံးမှုများနှင့် ပတ်သက်ပြီး အတည်ပြုခြင်း မရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required