ယူကရိန်းကို ကျူးကျော်မှုအား ရှုတ်ချသော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ရုရှ ဗီတိုအာဏာသုံး ပယ်ချ 

ယူကရိန်းကို ကျူးကျော်မှုအား ရှုတ်ချသော လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ရုရှ ဗီတိုအာဏာသုံး ပယ်ချ 
Photo - AFP

ဖေဖော်ဝါရီ ၂၆

ယူကရိန်းနိုင်ငံအပေါ် ရုရှ၏ ‘ရန်လိုကျူးကျော်မှု’ကို ‘အပြင်းထန်ဆုံး စကားလုံးများ’ဖြင့် ကန့်ကွက်ရှုတ်ချထားပြီး တပ်ဖွဲ့ဝင်များ ချက်ချင်းရုပ်သိမ်းရေး တောင်းဆိုထားသော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို မျှော်လင့်ထားသည့်အတိုင်းပင် ရုရှက သောကြာနေ့၌ ဗီတိုအာဏာသုံး ပယ်ချသည်။ 

အမေရိကန်နှင့် အယ်လ်ဘေးနီးယားတို့ ပူးတွဲရေးသားသော အဆိုပါ အဆိုပြုချက်ကို ကောင်စီ၏ အဖွဲ့ဝင် ၁၅ နိုင်ငံတွင် ၁၁ နိုင်ငံက ထောက်ခံမဲ ပေးသည်။ တရုတ်၊ အိန္ဒိယနှင့် ယူအေအီးနိုင်ငံတို့က ကြားနေခဲ့သည်။ 

ကောင်စီတွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ရုရှက ဗီတိုအာဏာ ရှိထားခြင်းကြောင့် ဆုံးဖြတ်ချက်က ပယ်ချခံရခြင်း ဖြစ်သည်။ 

သို့ရာတွင် ဆွေးနွေးငြင်းခုံမှုများက အဖွဲ့ဝင်နိုင်ငံများအတွက် အိမ်နီးချင်း ယူကရိန်းနိုင်ငံအပေါ် အပြည့်အဝ ထိုးစစ်ဆင်သည့် သမ္မတ ဗလာဒီမာ ပူတင်၏ ဆုံးဖြတ်ချက်ကို ရှုတ်ချသံများ ပြောဆိုနိုင်သည့် အခွင့်အလမ်းကို ရရှိစေသည်။ 

“ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ရုရှအနေနဲ့ အခု ဆုံးဖြတ်ချက်ကို ဗီတိုအာဏာ သုံးနိုင်ပါတယ်၊ ဒါပေမဲ့ ကွန်မတို့ရဲ့ အသံတွေကိုတော့ ဗီတိုအာဏာ မသုံးနိုင်ဘူး၊ အမှန်တရားကိုလည်း ဗီတိုအာဏာ မသုံးနိုင်ဘူး၊ ကျွန်မတို့ရဲ့ ကိုယ်ကျင့်တရားပေါ်မှာလည်း ဗီတိုအာဏာ မသုံးနိုင်ဘူး၊ ယူကရိန်း ပြည်သူတွေအပေါ်ကိုလည်း ဗီတိုအာဏာ မသုံးနိုင်ဘူး”ဟု ဆုံးဖြတ်ချက် ပယ်ချခံရပြီးနောက် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီးဒ်က ပြောသည်။ 

လုံခြုံရေးကောင်စီရှေ့မှောက် တင်သွင်းသော အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းအား ထောက်ခံမှု ပိုမို ရရှိရေးအတွက် စကားလုံးများ သုံးစွဲမှုတွင် ပြင်းထန်မှု မရှိအောင် အချိန် နာရီအတန်ကြာ နုတ်ပယ်တည်းဖြတ်ခဲ့ရခြင်း ဖြစ်သည်။ 

‘ပြစ်တင်ရှုတ်ချ’ ဆိုသည့် စကားလုံးအစား ‘ကန့်ကွက်ရှုတ်ချ’ ဆိုသည့် စကားလုံးကို အစားထိုးခဲ့ရသကဲ့သို့ ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက် အဖွဲ့ဝင်နိုင်ငံများအား စစ်ရေးအရ အရေးယူမှုကို ခွင့်ပြုသည့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ချက်တာ ၇ ကို ရည်ညွှန်းချက်ကိုလည်း ပယ်ဖျက်ခဲ့ခြင်း ဖြစ်သည်။ 

ယခု ဆုံးဖြတ်ချက်တွင် ယူကရိန်း၏ အချုပ်အခြာအာဏာကို ထပ်လောင်း အတည်ပြုပြီး ‘ယူကရိန်းအပေါ် အင်အားသုံးနေခြင်းကို ချက်ချင်း ရပ်တန့်ရန်လည်း ရုရှနိုင်ငံကို တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required