နှမစားရစ်ရွာအား စစ်ကောက်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

နှမစားရစ်ရွာအား စစ်ကောက်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၇ ဦးကျဆုံး

ဖေဖော်ဝါရီလ ၂၅ ရက်

ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာအား စစ်ကောင်စီတပ်က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် မနက် ၅ ခွဲခန့်တွင် ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး မနက် ၇ နာရီ ၃၀ မိနစ်တွင် မီးဝင်ရှို့ခဲ့ရာ တိုက်ခိုက်မှုများအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနှစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

"အင်အား ၇၀ လောက်နဲ့ ဝင်လာပြီး ပစ်တာ၊ စစ်ကောင်စီက နည်းတယ် ပျူစောထီးတွေ များတယ်၊ ရွာကို မီးဝင်ရှို့တာက၊ အနီးအနားက ကာကွယ်ရေးတပ်တွေက ကူဖို့လာကြတယ်၊ လက်နက်အင်အားက မမျှတော့ ၁၂ ယောက်က ပျောက်နေတယ်၊ နှစ်ယောက်က ဒဏ်ရာရပြီး ကျွန်တော်တို့ရွာကို ရောက်နေလို့ ဆေးကုပေး နေရတယ်" ဟု ရွှေဘိုမြို့အနီးနေ ဒေသခံက ပြောသည်။

အဆိုပါရွာအား စစ်ကောင်စီ တပ်စွဲထားသော ရွာများဖြစ်သည့် သီးလုံးရွာ၊ မြင်းစီးရွာ၊ ပန်းရံရွာ၊ တည်သီးတောရွာနှင့် ခွန်တောင်ကြီးရွာတို့မှ စစ်ကောင်စီနှင့်ပျူစောထီး အင်အား အများအပြား စုစည်းကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရွာကို မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။

"လက်နက်ကြီးတွေ ရွာထဲ အဆက်မပြတ်ထုပြီး ဝင်လာတာ၊ ကျွန်တော်တို့ အဖွဲ့တွေ ဆုတ်ပေးတော့ ရွာကို မီးရှို့သွားတယ်၊ ရွာထဲက အမျိုးသမီး တစ်ယောက် လက်နက်ကြီးမှန်ပြီး ဆုံးသွားတယ်၊ အသက် ၇၀ အရွယ် အဖိုး တစ်ဦးကိုလည်း သေနက်နဲ့ ပစ်သတ်သွားတယ်၊ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့ထဲက ခုနှစ်ယောက် ကျပြီး ၁၂ ယောက်က ပျောက်နေတယ်။" ဟု Fighter One ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ ‌

ပျောက်ဆုံးနေသော ရဲဘော် ၁၂ဦး နှင့် ကျဆုံးသော ရဲဘော် ၇ဦးမှာ Fighter One ကာကွယ်ရေးတပ်ဖွဲ့ မှ မဟုတ်ဘဲ ကူတိုက်ပေးသော အခြားကာကွယ်ရေးအဖွဲ့များမှ ရဲဘော်များဖြစ်ကြာင်းလည်း ၎င်းက ဖြည့်စွက်ပြောသည်။

စစ်ကောင်စီတပ်က ရွာတွင် PDF များ ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် လက်နက်ကြီးဖြင့် ဆက်တိုက် ပစ်ခတ် မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေတစ်ဝက်ခန့် မီးလောင်ကျွမ်းခဲ့ကာ ပြည်သူ နှစ်ဦး သေဆုံးခဲ့ရသည်။

"ဟိုတစ်လောက ဒီကောင်တွေဆီက တစ်ယောက်က ဆိတ်ကျောင်းတဲ့ လူပုံစံနဲ့ ရွာထဲလာနေတယ်၊ ဆိတ်အကောင် ၇၀ လောက်တော့ရှိတယ်၊ နောက်ပိုင်း PDF အဖွဲ့တွေက ရိပ်မိပြီး သူ့ကို ဖမ်းလိုက်တယ်၊ ပြီးတော့ ဆိတ်တွေကို သိမ်းပြီးတော့ လူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ဆိတ်တွေကိုတော့ နောက်ပိုင်း ပြန်ပေးတယ် လာမယူတာ၊ အဲ့ကိစ္စကို မကျေနပ်လို့ အခုလို လာလုပ်တယ်လို့ ထင်တာပဲ" ဟု ဒေသခံ ကပြောသည်။

နှမစားရစ်ရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၃၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကာ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရကြောင်း သိရသည်။ 

"အခုလဲ နှမစားရစ်ရွာက ထွက်ပြီး ဇီးဖြူကုန်းရွာကို မီးရှို့နေတယ်၊ မီးခိုးတွေက သုံးနေရာလောက် တွေ့နေရတယ်၊ ဇီးဖြူကုန်းရွာက ပိုကြီးတယ်၊ အိမ်ခြေ ၁၀၀၀ ကျော်လောက်ရှိတယ်၊ အဲရွာက တိုက်ပွဲလည်း မရှိဘူး၊ အေးအေးဆေးဆေး နေတဲ့ရွာ" ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရွှေဘိုမြို့ ငပိအိုးကျေးရွာအား ကာကွယ်ရေးတပ်များ ရှိသည်ဟု အကြောင်းပြက စစ်တပ်က မီးရှို့ဖျက်ဆီး ခဲ့သေးသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေးတပ်များ ပူးပေါင်းကာ သီးလုံးရွာတွင် တပ်စွဲထားသော စစ်ကောင်စီနှင့် ပျူစောထီးတပ်အား ဒရုန်းတွင် ဗုံးချိတ်၍ တိုက်ခိုက်ခဲ့ သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required