မြို့တော်အပြင်ဘက်တွင် ရုရှတပ်များကို တိုက်ခိုက်နေရကြောင်း ယူကရိန်း စစ်တပ် ပြော 

မြို့တော်အပြင်ဘက်တွင် ရုရှတပ်များကို တိုက်ခိုက်နေရကြောင်း ယူကရိန်း စစ်တပ် ပြော 
Photo: AFP

အနောက်လိုလားသော ယူကရိန်းနိုင်ငံကို ဒုတိယမြောက်နေ့အဖြစ် ရုရှက တိုး၍ တိုက်ခိုက်လျက်ရှိချိန် မြို့တော် ကိယက်ဗ် မြောက်ပိုင်းတွင် ကျူးကျော်လာသော ရုရှတပ်များကို တိုက်ခိုက်နေရသည်ဟု ယူကရိန်း စစ်တပ်က သောကြာနေ့တွင် ပြောသည်။ 

ရုရှတပ်များသည် သောကြာနေ့တွင် ကိယက်ဗ်မြို့ အစွန်အဖျားသို့ ရောက်ရှိခဲ့ပြီး အစောပိုင်း နာရီများတွင် မြို့ကို ‘ကြောက်မက်ဖွယ် ဒုံးကျည် တိုက်ခိုက်မှုများ’ ဖြင့် တိုက်ခိုက်ခြင်း ခံရကြောင်း ယူကရိန်း အစိုးရက ပြောသည်။ 

“ဒိုင်မားနဲ့ အင်ဗန်ကိဗ် အရပ်တွေမှာ ယူကရိန်းစစ်တပ် လေကြောင်းချီတိုက်ခိုက်ရေးတပ်တွေ တိုက်ပွဲဝင်နေရပါတယ်”ဟု ယူကရိန်းစစ်တပ်က ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားသည်။ 

ဒိုင်မားအရပ်သည် ကိယက်ဗ်မြို့တော်မှ ၄၅ ကီလီမီတာ (၂၈ မိုင်) အကွာတွင် တည်ရှိပြီး အင်ဗန်ကိဗ်အရပ်မှာ ယူကရိန်းမြို့တော်၏ အနောက်မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်တွင် တည်ရှိသည်။ 

ကိယက်ဗ်မြို့တော်ကို ဖြတ်သန်းစီးဆင်းသည့် နိုက်ပါမြစ်၏ တီတာရစ်ဗ်မြစ်လက်တက်၌ ချီတက်လာသော ရုရှတပ်များကို ရပ်တန့်စေခဲ့ပြီဟု စစ်တပ်က ပြောပြီး မြစ်ရှိ တံတားတစ်စင်းလည်း ပျက်စီးကြောင်း ဖြည့်စွက်ဆိုသည်။ 

ယခင်ရက်က ရုရှတပ်များ သိမ်းယူနိုင်ခဲ့သည်ဟု သတင်းများက ဆိုသော ဂိုစတိုမယ် လေယာဉ်ကွင်းကို ပြန်လည်လက်ရသိမ်းယူနိုင်ခဲ့သည်ဟုလည်း စစ်တပ်က ပြောသည်။ 

အေအက်ဖ်ပီအနေဖြင့် ယင်းသတင်းကို လက်ငင်း အတည်မပြုနိုင်ပေ။ 

ရုရှတပ်များက အရပ်သား ဧရိယာများကို ပစ်မှတ်ထားနေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက သောကြာနေ့တွင် ပြောပြီး ၎င်း၏ နိုင်ငံသူနိုင်ငံသားများကိုလည်း ၎င်းတို့၏ ‘သူရသတ္တိ’ အတွက် ချီးကျူးစကားဆိုသည်။ 

“သူတို့(ရုရှ)က အရပ်ဘက်နေရာဌာနတွေဟာ သူတို့အတွက် ပစ်မှတ်မဟုတ်ဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ဒါဟာ သူတို့တွေရဲ့ နောက်ထပ် မုသားစကားပါပဲ၊ အမှန်မှာတော့ သူတို့ဟာ သူတို့ လှုပ်ရှားရာ ဧရိယာမှာ ဘာကိုမှ ခွဲခြားမနေဘူး”ဟု ဗီဒီယိုတစ်ခုတွင် ဇယ်လန်စကီးက ပြောခဲ့သည်။ 

ယူကရိန်းအား စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေး စတင်ကြောင်းကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က ကြာသပတေးနေ့ အစောပိုင်းတွင် ကြေညာခဲ့ခြင်းဖြစ်ရာ ရုရှသည် ၎င်း၏ အနောက်ဘက် အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ရေးအတွက် စီစဉ်နေသည်ဆိုသော ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်ပူပန်မှုများကို အတည်ပြုလိုက်ခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required