ရုရှတပ်ဖွဲ့များက အရပ်သားတွေကို ပစ်မှတ်ထားနေဟု ယူကရိန်းသမ္မတ စွပ်စွဲ

ရုရှတပ်ဖွဲ့များက အရပ်သားတွေကို ပစ်မှတ်ထားနေဟု ယူကရိန်းသမ္မတ စွပ်စွဲ
Photo - AFP

ဖေဖေါ်ဝါရီ ၂၅

ကျူးကျော်ဝင်ရောက်လာသည့် ရုရှတပ်ဖွဲ့များသည် အရပ်သားဧရိယာများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ဖေဖေါ်ဝါရီ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

တစ်ဆက်တည်းမှာပင် ၎င်း၏ နိုင်ငံသူ၊ နိုင်ငံသားများ၏ သူရသတ္တိ ရှိမှုကို ဇယ်လန်စကီးက ချီးကျူးသွားခဲ့ပြီး ယူကရိန်းအစိုးရအနေဖြင့် ပြည်သူများကို ကာကွယ်နိုင်ရန် “ဖြစ်နိုင်ခြေရှိသည့် အရာအားလုံး” ကို လုပ်ဆောင်လျက်ရှိသည်ဟု ၎င်းက အခိုင်အမာပြောခဲ့သည်။

မော်စကိုတပ်ဖွဲ့များ ယူကရိန်းမြို့တော်အစွန်အဖျားနား ချဉ်းကပ်ရောက်ရှိခဲ့စဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်သည်။ မြို့တွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီး ယင်းတို့သည် “ကြောက်မက်ဖွယ် ဒုံးကျည်တိုက်ခိုက်မှုများ” ဖြစ်ကြောင်း အစိုးရက ပြောသည်။

“အရပ်ဘက် လူပုဂ္ဂိုလ် အရာဝတ္ထုတွေက သူတို့အတွက် ပစ်မှတ်တစ်ခု မဟုတ်ဘူးဆိုပြီး ရုရှက ပြောပါတယ်။ ဒါပေမယ့် ဒါက သူတို့ရဲ့ နောက်ထပ် အလိမ်အညာတစ်ခု ဖြစ်ပါတယ်။ တကယ့် လက်တွေ့မှာတော့ သူတို့ဟာ သူတို့ လှုပ်ရှားနေတဲ့ ဧရိယာတွေမှာ ဘာကိုမှ ခွဲခြားမနေပါဘူး” ဟု ဇယ်လန်စကီးက ဗီဒီယိုတစ်ခုတွင် ပြောခဲ့သည်။

“ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေဟာ ကျွန်တော်တို့ရဲ့ ကောင်းကင်ယံတွေကို ခုခံကာကွယ်နေပါတယ်။ ယူကရိန်းနိုင်ငံသားတွေဟာ သူတို့ရဲ့ သူရသတ္တိရှိမှုကို ပြသနေကြပါတယ်” ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေဟာ ပြည်သူတွေကို ကာကွယ်ပေးဖို့အတွက် ဖြစ်နိုင်တဲ့ အရာမှန်သမျှကို လုပ်ဆောင်နေကြပါတယ်” ဟု ၎င်းက ပြောသည်။

ပြည်သူများ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသကြရန်၊ သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာခိုလှုံရာနေရာများသို့ ကူညီရှာဖွေရွှေ့ပြောင်းပေးကြရန်နှင့် မှန်ကန်သည့် သတင်းအချက်အလက်များကို ရယူကြရန် ယူကရိန်းခေါင်းဆောင်က ပန်ကြားထားသည်။

ရုရှအနေဖြင့် နောက်ဆုံးတွင် ၎င်းတို့၏ စစ်ပွဲ ရပ်တန့်ရန် ကိယက်ဗ်နှင့် ဆွေးနွေးလာရလိမ့်မည်ဖြစ်ကြောင်း ဇယ်လန်စကီးက ပြောသည်။

“ရုရှဟာ အနှေးနဲ့ အမြန်ဆိုသလို ကျွန်တော်တို့နဲ့ ဆွေးနွေးလာရပါလိမ့်မယ်။ တိုက်ခိုက်မှုကို ဘယ်လို အဆုံးသတ်မလဲ ဆိုတာနဲ့ ဒီ ကျူးကျော်ဝင်ရောက်မှုကို ဘယ်လို ရပ်တန့်မလဲ ဆိုတာနဲ့ပတ်သက်လို့ သူတို့ ဆွေးနွေးလာရပါလိမ့်မယ်။ အဲဒီလို ဆွေးနွေးမှုကို မြန်မြန် စတင်နိုင်လေလေ၊ ရုရှတို့အတွက် ဆုံးရှုံးမှုက ပိုနည်းလေလေ ဖြစ်ပါလိမ့်မယ်” ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly