ယူကရိန်းသမ္မတ ဇယ်လင်စကီး ရှေ့တန်းစခန်းများသို့ လတ်တလောသွားရောက်သော ဓာတ်ပုံများမဟုတ်

ယူကရိန်းသမ္မတ ဇယ်လင်စကီး ရှေ့တန်းစခန်းများသို့ လတ်တလောသွားရောက်သော ဓာတ်ပုံများမဟုတ်

ဖေဖော်ဝါရီ ၂၅

ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် လက်ရှိဖြစ်ပွားနေသော ယူကရိန်း-ရုရှား တိုက်ပွဲ၏ရှေ့တန်းတွင် ယူကရိန်းစစ်သည်များနှင့်အတူ လတ်တလောရောက်ရှိနေသော ဓာတ်ပုံများဆိုပြီး Facebook ပို့စ်အတော်များများတွင် ပြန်လည်မျှဝေနေကြသည်ကို တွေ့ရသည်။ သို့သော် ၎င်းအဆိုမှာ မှားယွင်းပါသည်။ ထိုဓာတ်ပုံများသည် လွန်ခဲ့သည့်နှစ် ၂၀၂၁ ခုနှစ်ကတည်းက ယူကရိန်းသမ္မတရုံးက ဖြန့်ဝေသော ဓာတ်ပုံများဖြစ်သည်။

" ဒါကတော့ ယူကရိန်းသမ္မတပါ။ အခုတော့ ရှေ့တန်းမှာ စစ်သည်တွေနဲ့အတူ တွေ့မြင်ရပုံဖြစ်ပါတယ်။ သူဟာ အခုထိ ယူကရိန်းကို စွန့်ခွာထွက်ပြေးသွားခြင်း မရှိသေးပါဘူး။ ယူကရိန်းစစ်တပ်ဟာ ရုရှားထက် အများကြီး အင်အားနည်းပေမယ့် မျှော်မှန်းထားတာထက် ပိုပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့က အဆိုးဆုံးတိုက်ပွဲကြီးတွေ ဖြစ်လာမယ့်နေ့လို့လဲ ကမ္ဘာက ခန့်မှန်းထားကြပါတယ်။ မြို့တော်ကို ရေရှည်ထိန်းထားဖို့ မလွယ်ပါဘူး။" (မူရင်းသတ်ပုံအတိုင်း) ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မျှဝေထားသော " Nay Thway" ဆိုသည့် အကောင့်ပိုင်ရှင်၏ ပို့စ်တွင်ပါရှိသည်။

ယခုရေးသားအချိန်အထိ ၎င်းပို့စ်ကို လူပေါင်း ၂၆,၀၀၀ ကျော်က ကြိုက်နှစ်သက်ကြောင်းပြထားပြီး ၈,၀၀၀ ကျော်က ပြန်လည်ဝေမျှခဲ့သည်ကိုတွေ့ရသည်။

ရုရှားသမ္မတပူတင်က စစ်ဆင်ရေးလုပ်မည်ဟု ကြေညာပြီးနောက် ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၂၄ ရက် နံနက်အာရုံတက်ချိန်တွင် ရုရှားကပဲ့ထိန်းဒုံးကျည်များဖြင့် ယူကရိန်း၏အခြေခံအဆောက်အဦများနှင့် စစ်ဘက်ပစ်မှတ်များကိုပစ်ခတ်ခဲ့ကာ ယူကရိန်းနိုင်ငံတောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့တို့တွင် ကြည်း၊ ရေ၊ လေ ဝင်ရောက်မှုများလုပ်လာခဲ့သည်။ ကျူးကျော်ဝင်ရောက်မှု ဒုတိယနေ့မြောက်သည့် မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်တွင် ထိုဓာတ်ပုံများပျံ့နှံ့လာခြင်းဖြစ်သည်။

သို့သော် အဆိုပါဓာတ်ပုံများသည် အသက် ၄၄ နှစ်အရွယ် ယူကရိန်းသမ္မတ ဇယ်လင်စကီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင်းက ရှေ့တန်းရောက်နေသောဓာတ်ပုံများမဟုတ်ကြပါ။

ဓာတ်ပုံရာဇဝင်ကို Google တွင်ရှာကြည့်သည့်အခါ ဓာတ်ပုံများသည် သမ္မတ ဇယ်လင်စကီးအနေဖြင့် ၂၀၂၁ ခုနစ်၊ဧပြီလ ၈ ရက်က ယူကရိန်းနယ်စပ်မြို့ဖြစ်သည့် ဒွန်းဘက်စ်မြို့ရှိ စစ်အခြေစိုက်စခန်းတစ်ခုအား သွားရောက်ခဲ့စဉ်က ယူကရိန်းသမ္မတရုံးက ထုတ်ပြန်ခဲ့သည့်သတင်းဓာတ်ပုံများဖြစ်သည်ကို မဇ္ဈိမ၏ Misinformation Buster အစီအစဉ်က တွေ့ရှိခဲ့သည်။

အလားတူပင် အခြားသောဓာတ်ပုံနှစ်ခုကိုလည်း သမ္မတရုံးကဖြန့်ဝေခဲ့ပြီး သတင်းမီဒီယာများတွင်ဖော်ပြထားခဲ့ပြီးဖြစ်သည်။

ဓာတ်ပုံညွှန်းစာသားတစ်ခုတွင် " Ukrainian president, Volodymyr Zelensky, visiting troops on the frontline with pro-Russian separatists in the Donbas region. EPA/EFE/Presidential press service handout" ဟု ပါရှိသည်။ (ဘာသာပြန်- ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လင်စကီးသည် ဒွန်ဘက်စ်ဒေသတွင် ရုရှားလိုလားသောခွဲထွက်ရေးသမားများနှင့် ရင်ဆိုင်နေရသည့် ရှေ့တန်းနယ်မြေရှိ တပ်ဖွဲ့များသို့ အလည်အပတ်သွားရောက်နေစဉ်။ EPA/EFE/သမ္မတရုံးလက်ကမ်းစာစဉ်ဖြန့်ဝေမှု)

နားလည်မှုလွဲနေစေနိုင်သည့် ပို့စ်ကဓာတ်ပုံများကို (ဘယ်)ကို ယူကရိန်းသမ္မတရုံးကဖြန့်ဝေသောဓာတ်ပုံများ (ညာ)နှင့် နှိုင်းယှဉ်ထားသော screenshots များကို တွေ့မြင်ရမှာဖြစ်သည်။

ရုရှားက ယူကရိန်းကိုကျူးကျော်ဝင်ရောက်မှုပထမနေ့တွင် သေဆုံးသူ ၁၃၇ ယောက်ရှိကြောင်း ယူကရိန်းသမ္မတ ဇယ်လင်စကီးက ထုတ်ဖော်ပြောကြားလိုက်သည်။ ရုရှားနိုင်ငံတလွှားစစ်ဆန့်ကျင်သူ ၁၅၀၀ ကျော်အဖမ်းခံရပြီး အခြားနိုင်ငံမြို့ကြီးများတွင်လည်း စစ်ဆန့်ကျင်ဆန္ဒပြပွဲများပေါ်ပေါက်နေခဲ့သည်။

#FactCheck

#ယူကရိန်းသမ္မတ

#ရှေ့တန်းစခန်

#MisinformationBuster

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required