စစ်ကောင်စီ ဗျူဟာကုန်း ၄ ခုမှ လက်နက်ကြီးများပစ်၍ ဖားကန့် ဒေသခံများ ထိတ်လန့်နေ

စစ်ကောင်စီ ဗျူဟာကုန်း ၄ ခုမှ လက်နက်ကြီးများပစ်၍ ဖားကန့် ဒေသခံများ ထိတ်လန့်နေ

ဖေဖော်ဝါရီ ၂၅

ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီ ဗျူဟာကုန်း လေးခုမှ လက်နက်ကြီးများ ပစ်ခတ် နေသောကြောင့် ဒေသခံ ပြည်သူများ စိုးရိမ် ထိတ်လန့်နေသည်။

ဖားကန့်မြို့လယ် စစ်ကောင်စီ ဗျူဟာကုန်း ၊ ဖားကန့် မြို့မှ ၁၀ မိုင်ခန့် ဝေးသော ကံဆီး ဗျူဟာကုန်း ၊ ဖားကန့် လမ်းပိုင်းရှိ နန့်ယား တပ်စခန်းကုန်း နှင့် ကာမိုင်း ဗျူဟာကုန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်။

ဖားကန့်မြို့လယ် စစ်ကောင်စီ ဗျူဟာကုန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျည်သည် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်တွင် ဥရုချောင်း တစ်ဖက်ကမ်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အသံ ကျယ်လောင်ခြင်းကြောင့် ဖားကန့်မြို့ခံများ ထိတ်လန့် ကုန်ကြသည်ဟု ဒေသခံက ပြောသည်။

ကံဆီး ဗျူဟာကုန်းမှလည်း အဆိုပါနေ့ ည ၆ နာရီ ကျော်ခန့်တွင် KIA တပ်စခန်းရှိရာ ဥရုချောင်းတစ်ဖက်ကမ်း သို့ လက်နက်ကြီး နှစ်ချက် ပစ်ခတ်ခဲ့သည်။

အလားတူ နန့်ယား တပ်စခန်းကုန်းမှလည်း ည ၉ နာရီခန့်တွင် လက်နက်ကြီး သုံးကြိမ် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။ ထို့ပြင် ဖေဖော်ဝါရီ လဆန်းပိုင်း ကလည်း စစ်ကောင်စီတပ်နှင့် KIA PDF တိုက်ပွဲ အတွင်း နန့်ယား စစ်ကောင်စီ တပ်စခန်းမှ လက်နက်ကြီး အလုံး ၈၀ ခန့် ပစ်ကူ ခဲ့သေးသည်။

ကာမိုင်း ဗျူဟာကုန်းမှလည်း ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် လက်နက်ကြီး ၁၃ လုံး ပစ်ခတ်ခဲ့သည်။ ကားမိုင်း စစ်ဆေးရေးဂိတ် တိုက်ခိုက် ခံရခြင်းကြောင့် ရမ်းသန်း ပစ်ခတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

#စစ်ကောင်စီ

#ဗျူဟာကုန်း

#လက်နက်ကြီး

#ကာမိုင်း

#နန့်ယား

#ကံဆီး

#ဖားကန့်

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly