ကိယက်ဗ်မြို့တော်ကို ရုရှတပ်များ ထိုးစစ်ဆင်၊ ယူကရိန်းသမ္မတက နိုင်ငံတကာ အကူအညီ တောင်း

ကိယက်ဗ်မြို့တော်ကို ရုရှတပ်များ ထိုးစစ်ဆင်၊ ယူကရိန်းသမ္မတက နိုင်ငံတကာ အကူအညီ တောင်း

ဖေဖော်ဝါရီ ၂၅

ယူကရိန်းမြို့တော်အား သောကြာနေ့၌ ဒုံးကျည်များဖြင့် ပစ်ခတ်ကာ ရုရှတပ်များ ထိုးစစ်ဖိထားစဉ် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက လက်ရှိအထိ ဒဏ်ခတ်ပိတ်ဆို့မှုများသည် လုံလောက်မှု မရှိဘဲ ပြောဆိုလျက် နိုင်ငံတကာက ပို၍ ကူညီကြရန် တောင်းဆိုသည်။ 

ကမ္ဘာကို တုန်လှုပ်သွားစေသည့် ကျူးကျော်မှုကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က စတင်ဆင်နွှဲပြီး နောက်ရက်၌ ရုရှ လေယာဉ်တစ်စင်း ပစ်ချခံရကာ လူနေအဆောက်အအုံတစ်ခုသို့ ပျက်ကျသည်ဟု အတည်မပြုနိုင်သော သတင်းများ ထွက်ပေါ်နေစဉ် ကိယက်ဗ်မြို့၌ လေကြောင်းစီးနင်းမှု သတိပေးဥဩများ ထွက်ပေါ်နေသည်။ 

မြို့တော် ကိယက်ဗ်၏ အပြင်ဘက် ဧရိယာသို့ သောကြာနေ့နှောင်းပိုင်းတွင် ရုရှတပ်များ ဝင်ရောက်နိုင်လာလိမ့်မည်ဖြစ်ပြီး အင်အားသာလွန်သော်လည်း ယူကရိန်းတပ်များက ရှေ့တန်းလေးနေရာတွင် ခုခံနေသည်ဟု ယူကရိန်းအကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြို့ကြီးများတွင် ပေါက်ကွဲမှုများနှင့် သေနတ်သံများကြား လူပေါင်း ၁၀၀၀၀၀ နီးပါး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု ခန့်မှန်းရသည်။ ဒါဇင်များစွာ သေဆုံးကြောင်းလည်း သတင်းများအရ သိရသည်။ ဘီလာရုစ်မှနေ၍ ကိယက်ဗ်မြို့ဆီသို့ ထိုးစစ်ဆင်လာသည့် ရုရှတပ်များသည် ကီယက်ဗ်မြို့မြောက်ပိုင်းက ချာနိုဘိုင်း နျူကလီးယား ဓာတ်အားပေးစက်ရုံဟောင်းကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။ 

ရုရှသည် ကီယက်ဗ်မြို့တော်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ရှိပြီး အမေရိကန် ရုပ်သေးအဖြစ် ပူတင်က ထင်မှတ်ထားသော အစိုးရကို ဖြုတ်ချလိမ့်မည်ဟု အမေရိကန်နှင့် ယူကရိန်း တာဝန်ရှိသူများက ပြောကြသည်။ 

သမ္မတ ဇယ်လန်းစကီးက သူ့ထံ ရုရှတပ်များ လာနေခြင်းကို သိနားလည်ကြောင်း၊ သို့သော် ကိယက်ဗ်မှပင် ဆက်ရှိနေသွားမည်ဖြစ်ကြောင်း သန္နိဋ္ဌာန်ချ ပြောဆိုသည်။ 

“ရန်သူတွေဟာ နံပါတ် တစ် ပစ်မှတ်အဖြစ် ကျွန်တော်ကို ဖြုတ်ချဖို့ ဖြစ်တယ်၊ ကျွန်တော် မိသားစုက နံပါတ် နှစ် ပစ်မှတ်ပဲ၊ နိုင်ငံအကြီးအကဲကို ဖျက်ဆီးပြီး သူတို့က ယူကရိန်းရဲ့ နိုင်ငံရေးကို ဖျက်ဆီးပစ်ချင်တာ ဖြစ်တယ်”ဟု ဇယ်လန်းစကီးက ပြောသည်။ 

“ကျွန်တော် မြို့တော်မှာပဲ ဆက်နေသွားမယ်၊ ကျွန်တော့် မိသားစုလည်း ယူကရိန်းထဲမှာပဲ ရှိနေတယ်”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required