ရုရှ ကျူးကျော်မှု  ယူကရိန်းမြို့တော်အနီး တိုက်ပွဲများ ပြင်းထန် 

ရုရှ ကျူးကျော်မှု  ယူကရိန်းမြို့တော်အနီး တိုက်ပွဲများ ပြင်းထန် 

ဖေဖော်ဝါရီ ၂၅

ယူကရိန်းစစ်တပ်က ရုရှ၏ တိုင်းပြည်ကျူးကျော်စစ်ကို ခုခံတိုက်ခိုက်လျက်ရှိနေပြီး မြို့တော် ကီယက်ဗ်နားအထိ ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

မြို့ပြင်ရှိ လေယာဉ်ကွင်းတစ်ခုတွင် တိုက်ပွဲများ ပြင်းထန်နေပြီး ယင်း လေယာဉ်ကွင်းကို ရုရှတို့ သိမ်းပိုက်နိုင်ပါက ကီယက်ဗ်မြို့တွင် ထိုးဖောက်ဝင်ရောက်၍ ရုရှ၏ ခြေကုပ်စခန်း ဖြစ်လာနိုင်သည်။ 

ကြာသပတေးနေ့တွင် အရှေ့ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့မှာ တိုက်ခိုက်ပြီးနောက် ရုရှသည် စစ်မျက်နှာအချို့ကို ထိုးစစ်ဆင်လျက် ရှိနေသည်။ 

ကီယက်ဗ်မြို့တွင်း၌လည်း ပေါက်ကွဲသံများ ကြားရကြောင်း သတင်းများ ရရှိသည်။ 

ထောင်ပေါင်းများစွာ ဘေးလွတ်ရာ ထွက်ပြေးကြပြီး ပြည်သူ ဒါဇင်များစွာ သေဆုံးကြောင်း ယူကရိန်းက ပြောသည်။ 

သမ္မတ ဗလာဒီမာ ပူတင်က ရုပ်သံမိန့်ခွန်းကနေ စစ်ကြေညာပြီး အချိန်ပိုင်းအတွင်းမှာပင် ပြီးခဲ့သည့် နံနက်ပိုင်း အစောပိုင်းအချိန်၌ ရုရှက ထိုးစစ်များ စတင်ဆင်နွှဲခြင်း ဖြစ်သည်။ ကြားဝင်စွက်ဖက်သည့် မည်သည့်နိုင်ငံမဆို ‘မကြုံမတွေ့ဘူးသော နောက်ဆက်တွဲများ’ နှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ပူတင်က ခြိမ်းခြောက်သည်။ 

မြို့များနှင့် စစ်စခန်းများသို့ လေကြောင်းနှင့် ဒုံးကျည် တိုက်ခိုက်မှုများ ပြင်းပြင်းထန်ထန် ဆင်နွှဲပြီးနောက် ယူကရိန်း နယ်စပ် သုံးနေရာမှ တင့်ကားများ ဖြတ်ကျော်ဝင်ရောက်ကြသည်။ ယူကရိန်းနယ်စပ်တစ်လျှောက်၌ ရုရှက စစ်တပ် ကြီးမားစွာ တပ်ချထားခြင်းကြောင့် သီတင်းပတ်ကြာ တင်းမာမှုများ မြင့်မားခဲ့ပြီးနောက် ယခုကဲ့သို့ ကျူးကျော်စစ်ဆင်ခြင်း ဖြစ်သည်။ 

တစ်ချိန်တည်းမှာပင် ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇယ်လန်းစကီးက ဆက်လက်တိုက်ခိုက်သွားရန် သန္နိဋ္ဌာန် ချ ပြောဆိုသည်။ ဟိုဘက်သည်ဘက် ခွဲခြားလိုက်သော ‘သံကန့်လန်ကာသစ်’ ကျလာခဲ့ပြီဖြစ်ပြီး မိမိ၏ နိုင်ငံ အနောက်အုပ်စုဘက်တွင် ဆက်ရှိရေး ကျိန်းသေစေရန်က မိမိ လုပ်ဆောင်ရမည့် အလုပ်ဖြစ်ကြောင်း ၎င်းက ပြောသည်။ 

ယူကရိန်း ဒေသအားလုံးမှာ ဥပဒေအရ စစ်မှုထမ်းနေရသူများနှင့် အရံတပ်ဖွဲ့ဝင်များ အားလုံး စစ်ထဲဝင်ကာ တိုက်ခိုက်သွားကြရန်လည်း ဇယ်လန်းစကီးက ဆင့်ခေါ်ထားသည်။ နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း သေနတ်ကိုင်နိုင်သူအားလုံး ရုရှအား တွန်းလှန်စစ်၌ ပါဝင်ကြရန် တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly