တရုတ် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းများ၏ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ

တရုတ် ခါးပတ်လမ်းရပ်ဝန်း စီမံကိန်းများ၏ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ

၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော တရုတ်နိုင်ငံ၏ ခါးပတ်လမ်းရပ်ဝန်း (BRI) စီမံကိန်းကို နိုင်ငံပေါင်း ၁၄၅ နိုင်ငံအထိ တိုးချဲ့ဆောင်ရွက်ခဲ့ကာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာအန္တရာယ်များ၊ နိုင်ငံရေးအန္တရာယ်များ၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်နိုင်ဖွယ်အန္တရာယ်များနှင့် လုံခြုံရေးအန္တရာယ်များ စသည်တို့အပါအဝင် အိမ်ရှင်နိုင်ငံများရှိ တရုတ်အခြေခံအဆောက်အအုံစီမံကိန်းနှင့်ပတ်သက်၍ စွန့်စားရမှုများမှာ ကြီးမားလာသည်။ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ အကျင့်ပျက်ခြစားမှုအပါအဝင် အသင်းအဖွဲ့ဆိုင်ရာကျင့်ဝတ်အားနည်းခြင်းနှင့် ဈေးနှုန်းဆိုင်ရာ လျှို့ဝှက်သဘောတူညီချက်များနှင့်စပ်လျဉ်း၍ BRI နိုင်ငံများရှိ ပြည်သူများအကြား မကျေနပ်မှုအများအပြားရှိနေသည်။ ငွေဖြင့်ရွေးရသည့် ပြန်ပေးဆွဲမှုအန္တရာယ်အပါအဝင် ရံဖန်ရံခါ လုံခြုံရေးခြိမ်းခြောက်မှုများသည် BRI အဖွဲ့ဝင်နိုင်ငံအချို့တွင် ဖြစ်ပေါ်လာပြီး ဥပဒေရေးရာနှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှု ဖြစ်ပွားသည့် ဖြစ်စဉ်များလည်း များပြားလာသည်။

တစ်ခါတစ်ရံတွင် ဝင်ငွေခွန်မြင့်မားခြင်းနှင့်ငွေဖြစ်လွယ်မှု အန္တရာယ်များလည်း ပေါ်ပေါက်လာသည်။

အခြေခံအဆောက်အအုံများကို နယ်နိမိတ်ဖြတ်ကျော်တည်ဆောက်လာသောအခါ တိုးမြှင့်ချိတ်ဆက်မှုမှရရှိသော အကျိုးကျေးဇူးများလာသလို အန္တရာယ်များလည်း တိုးလာသည်။ စီမံကိန်း၏ တည်နေရာနှင့် သဘော သဘာဝအရBRI တစ်လျှောက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာစွန့်စားရမှုများမှာလည်း ပမာဏနှင့် ပုံသဏ္ဍာန်လည်း မတူညီပေ။ အချို့သောနိုင်ငံများတွင်ပထဝီဝင်နိုင်ငံရေးဆိုင်ရာစွန့်စားရမှုများ ထင်ရှား ပေါ်လွင်လှပြီး ပြည်တွင်းသို့မဟုတ်နိုင်ငံတကာနှင့်ဆိုင်သော နိုင်ငံရေးအငြင်းပွားမှုများကြောင့် စီမံကိန်း နှောင့်နှေးမှုများ သို့မဟုတ် ဖျက်သိမ်းရခြင်းများအထိ ရှိလာသည်။

ဗဟိုအာရှနိုင်ငံများတွင် BRI စီမံကိန်းများ၏ ကုန်ကျစရိတ် အကျိုးအမြတ်ရလဒ်များနှင့်ပတ်သက်၍လည်း စိုးရိမ်မှုများရှိနေသည်။ ကမ္ဘာ့ဘဏ်၏လေ့လာမှုတစ်ခုအရ BRI ပေါင်းစည်းမှုသည် ကာဂျစ်သမ္မတနိုင်ငံ၊ ပါကစ္စတန်နှင့်ထိုင်းနိုင်ငံတို့တွင် အပြုသဘောဆောင်သောစီးပွားရေးသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဟု မျှော်လင့်ရသော်လည်း အဇာဘိုင်ဂျန်၊မွန်ဂိုလီးယားနှင့်တာဂျစ်ကစ္စတန်တို့တွင်အခြေခံအဆောက်အအုံဆိုင်ရာ မြင့်မားသောကုန်ကျစရိတ်များသည် ပိုမိုကြီးမားလာသောချိတ်ဆက်မှုနှင့်စီးပွားရေးပေါင်းစည်းမှုမှရရှိသော အမြတ်များကိုကျော်လွန်သွားနိုင်ပေသည်။ ကြီးမားသော အခြေခံအဆောက်အအုံ စီမံကိန်းများသည် အကျင့်ပျက်ခြစားမှုနှင့် ပြည်သူပိုင်ပစ္စည်း ဝယ်ယူရာတွင် မှန်ကန်မှုမရှိခြင်းအပါအဝင် အုပ်ချုပ်မှုဆိုင်ရာ အန္တရာယ်များကိုဖြစ်ပေါ်စေသည်။

သီရိလင်္ကာရှိ ဟမ်ဘန်တိုတာဆိပ်ကမ်းစီမံကိန်းနှင့်တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) အောက်ရှိ ဂွါဒါဆိပ်ကမ်းစီမံကိန်းများတွင် မြင်တွေ့ရသည့် ညံ့ဖျင်းသော စီမံကိန်းစီမံခန့်ခွဲမှုနှင့် စီမံကိန်း မလည်ပတ် နိုင်မှုတို့ကြောင့် တရုတ်စီမံကိန်းများကို စိစစ်ရမည့်အခြေအနေဖြစ်လာသည်။ အလားတူကိစ္စရပ်များကြောင့် မလေးရှားနိုင်ငံတွင်လည်း အချို့သော BRI စာချုပ်ပါ စည်းကမ်းချက်များကို ပြန်လည်ညှိနှိုင်းရန် ဖြစ်လာခဲ့သည်။ မြန်မာ၊မော်လ်ဒိုက်နှင့်နီပေါကဲ့သို့သော အခြားနိုင်ငံအများအပြားသည် BRI တွင် ပါဝင်မှုဆိုင်ရာ စည်းကမ်း ချက်များကို ပြန်လည်စဉ်းစားနေသည်မှာလည်း အံ့သြစရာမဟုတ်ပေ။

ဒေသခံပြည်သူများက BRI စီမံကိန်းများကို ဆန့်ကျင်ကန့်ကွက်ရခြင်း၏ အကြီးမားဆုံး အကြောင်းရင်းများ အနက်တစ်ခုမှာ အိမ်ရှင်နိုင်ငံများတွင်အလုပ်လက်မဲ့ဖြစ်မှု ပိုမိုဆိုးရွား လာသောကြောင့် ဖြစ်သည်။ BRI နှင့် ဆက်စပ်နေသော စီမံကိန်းအများစုကို တရုတ်အလုပ်သမားများကိုသာ သီးသန့်နီးပါးခန့်သော တရုတ်အစိုးရပိုင် လုပ်ငန်းများ (SOEs) မှထိန်းချုပ်ထားသည်။

တရုတ်အလုပ်သမားများနှင့်တရုတ်ကုမ္ပဏီများကို ဦးစားပေးခြင်းက ဒေသခံများ၏ စားဝတ်နေရေးကို အဟန့်အတားဖြစ်လာစေကာ မကျေနပ်မှုများနှင့်ဆန္ဒပြမှုများအထိဖြစ်ပေါ်လာစေသည်။

အထူးသဖြင့် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC)တွင် တရုတ်ကုမ္ပဏီများ ရင်ဆိုင်နေရသော လုံခြုံရေးပြဿနာတိုးလာနေသလို CPEC တွင်ပါဝင်နေသည့် တရုတ်အလုပ်သမားများမှာလည်း စစ်သွေးကြွအုပ်စုများ၏ ပစ်မှတ်ထားမှုကို အကြိမ်ပေါင်းများစွာ ခံနေရသည်။ ဘာလိုချီတန်မှ အကြမ်းဖက်မှုသည် ဒေသတွင်းရှိ တရုတ်ပိုင်ဆိုင်မှုများအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် ပေါ်ထွက်လာသည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်များကြောင့်လည်း BRI နိုင်ငံများတွင် အန္တရာယ်များ မြင့်တက်လာသည်။ BRI စီမံကိန်းများ မစီစဉ်မီက အမှန်တကယ်မတွေ့ကြုံခဲ့ရသည့် ကြိုတင်မမြင်နိုင်သော သဘာဝဘေးအန္တရာယ်ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်နေရသည်။BRI လမ်းကြောင်းအများအပြားသည် ပျက်စီးယိုယွင်းမှု၊ရေကြီးမှုနှင့်မြေပြိုမှုဒဏ်တို့ကို ခုခံနိုင်စွမ်းမရှိသော ဒေသများကိုဖြတ်သန်းသွားကြသည်။

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ (CoP 26)ပြီးနောက်ကမ္ဘာတစ်ဝှမ်းလိုက်နာရမည့် သတ်မှတ်ချက်များ များပြားလာသောကြောင့် BRI နိုင်ငံများရှိ ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်သော တရုတ်စီမံကိန်းများသည် စည်းကမ်းလိုက်နာမှုဆိုင်ရာစွန့်စားရမှုများကို ပိုမို ရင်ဆိုင်လာရသည်။ BRI ဆိုင်ရာသယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံများကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၀ ဒသမ ၃ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားသော်လည်း ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှုမြင့်မားသောကဏ္ဍများတွင် ထုတ်လုပ်မှုတိုးချဲ့လျက်ရှိသောကြောင့် ကမ္ဘောဒီးယား၊ ကာဂျစ်သမ္မတနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ၇ ရာခိုင်နှုန်းထက်မနည်း ထုတ်လွှတ်လျက်ရှိသည်။

တရုတ်အလုပ်သမားများသည် အိမ်ရှင်နိုင်ငံများနှင့်အလွယ်တကူ အံဝင်ခွင်ကျမနေတတ်သောကြောင့် တရုတ်စီမံကိန်းများသည် BRI နိုင်ငံများ၏ယဉ်ကျေးမှုကွဲပြားမှုများ၊ မတူညီသော ဘာသာစကားနှင့် ဓလေ့ထုံးတမ်းများရှိသည့် အသိုက်အဝန်းမျိုးစုံနှင့်လူမျိုးစုများ၏ ခြိမ်းခြောက်မှုကိုလည်း ရင်ဆိုင်နေရသည်။ တရုတ်လူမျိုးအများအပြားနေထိုင်သည့်အရှေ့တောင်အာရှနိုင်ငံများ၌ အခြေခံအဆောက်အအုံ စီမံကိန်းများတွင် တရုတ်လုပ်သား များပြားလာခြင်းက တရုတ်ဆန့်ကျင်ရေးတုံ့ပြန်မှုများဖြစ်ပေါ်စေကာ ယေဘုယျအားဖြင့် လူမျိုးရေးတင်းမာမှုများ မြင့်တက်စေသည်။

BRI နိုင်ငံများအကြား ဒေသတွင်းနိုင်ငံရေးဆက်ဆံရေးကြောင့်လည်း တရုတ်စီမံကိန်းများသည် အတားအဆီးများနှင့် ရင်ဆိုင်နေရသည်။BRI ရင်းနှီးမြှုပ်နှံမှုများသည် အစဉ်အတိုင်းလုပ်ဆောင်သည့် လုပ်ငန်းစဉ်များ မဟုတ်သော်လည်း အိမ်ရှင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးအပြင် အမျိုးမျိုးသော အိမ်ရှင်နိုင်ငံများအကြားရှိ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးများဖြင့်ပုံဖော်ထားကြောင်းကို ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာစီးပွားရေးစင်္ကြံ (BCIMEC) စီမံကိန်းမအောင်မြင်မှုက ထောက်ပြနေသည်။

တရုတ်ကုမ္ပဏီများသည် ၎င်း၏ပိုင်ဆိုင်မှုများကို အကာအကွယ်ပေးရေး၊ အလုပ်သမားများ၏အသက်ကို ကယ်တင်ရေးနှင့် ထောက်ပံ့ရေးလိုင်းများအနှောင့်အယှက်မရှိစေရေးအတွက် သီးသန့်လုံခြုံရေးကို ထိထိရောက်ရောက် အသုံးချလိုဟန် ရှိလာသည်။ သို့သော် ဒေသဆိုင်ရာအစိုးရများနှင့် ပြည်သူများသည် အထူးသဖြင့် အာဖရိကနှင့်ပါကစ္စတန်နိုင်ငံများတွင် ပုဂ္ဂလိက လုံခြုံရေးအေဂျင်စီများနှင့် ရံဖန်ရံခါ ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည်။ တရုတ်သည် ၎င်း၏ပိုင်ဆိုင်မှုနှင့် အလုပ်သမားများ လုံခြုံသည့်နေရာများတွင်သာ ရင်းနှီးမြှုပ်နှံသောကြောင့် တာလီဘန်အုပ်ချုပ်သော အာဖဂန်နစ္စတန်တွင် BRI စီမံကိန်းချဲ့ထွင်လိမ့်မည်ဟူသော မှန်းဆချက်မှာလက်တွေ့ဖြစ်လာနိုင်ခြေနည်းပါးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly