စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်း တိုက်စေသည့် ဗျူဟာ သုံးဟု KIO ပြော

စစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စု အချင်းချင်း တိုက်စေသည့် ဗျူဟာ သုံးဟု KIO ပြော
ဓါတ်ပုံ - The Kachin Net

ဖေဖော်ဝါရီလ ၂၄ ရက်

တိုင်းရင်းသား မျိုးနွယ်စု အချင်းချင်း တိုက်ခိုက်စေသည့် စစ်နည်းဗျူဟာများကို အုပ်ချုပ်သူ စစ်အာဏာရှင် အဆက်ဆက်က ကျင့်သုံးလာသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ပြည်နယ် မြောက်ဖျားပိုင်း၊ ပူတာအိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီသည် ဒေသအတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့်အပေါ် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အဲ့ဒီဘက်မှာတော့ ပြည်သူ့စစ်က တန်ဂူးတန် ပူတာအိုဘက်က အဖွဲ့တွေ ရှိပါတယ်။ အားလုံးသိကြတဲ့အတိုင်း ဒီတိုက်ပွဲတွေ နည်းနည်းပြင်းထန်လာလို့ရှိရင်တော့ ဒေသခံ ဌာနေပြည်သူ့စစ်ကို ရှေ့တန်းထွက်ခိုင်းတာ ဒါက သူ တို့ရဲ့ ဗျူဟာပါ။ ကျနော်တို့ ကချင်မျိုးနွယ်စုအချင်းချင်းလည်း ဒီတိုက်စေခိုက်စေတဲ့ သူတို့ရဲ့ နည်းဗျူဟာ တစ် ခုဖြစ်ပါတယ်။ ဆိုတော့ အဲ့နေရာမှာလည်း ဒီပြည်သူ့စစ်နဲ့ သူတို့ တပ်မတော်တွေ ရောပြီးမှ နေပုံတော့ ရပါ တယ်။ အားလုံးပြည်သူ့စစ်ကြီးပဲ နေတာတော့ မဟုတ်ဘူး။ အားလုံးရောပြီးမှ နေပုံတော့ ရပါတယ်။ အခုနက ပြောသလို တိုက်ပွဲတွေ နည်းနည်းပြင်းထန်ပြီဆိုလို့ရှိရင်တော့ သူတို့က ပြည်သူ့စစ်တွေကို ရှေ့တန်းထွက်ခိုင်း တာတွေ၊ ဒီလမ်းပြခိုင်းတာတွေ ခင်များတို့ နယ်မြေကျွမ်းကျင်မှု ရှိတယ်ဆိုတော့ ခင်များတို့ပဲ ရှင်းပါ ဘာညာ ဆိုတာကတော့ ရှိဖို့တော့ သေချာပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

ပူတာအိုမြို့နယ်ထဲတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ ယနေ့အချိန်ထိ စစ်ကောင်စီတပ်နှင့် ကချင်လွတ် လပ်ရေး တပ်မတော် KIA၊ PDF တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်း ဖြစ်သည်။

ယခုတိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ပူတာအိုမြို့နယ်အတွင်းက ဆွမ်ပီယန်၊ လုံရှာယန်၊ တန်ဂျာ၊ အင်စီ ယန်၊ ဖတ်မာကျေးရွာတို့နှင့် ရှင်ကပ်(တောင်)ဘွမ်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က ဒေသအတွင်းရှိ တန်ဂူးတန်၏ ပြည်သူ့စစ်အဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု KIO က ပြောသည်။

“အဓိကကတော့ ဒီတန်ဂူးတန် ပြည်သူ့စစ်တွေပဲ ရှိမှာပါ။ တခြားလည်း ရှိမှာပါ။ ဒါပေမယ့် အဓိကကတော့ အများဆုံးက သူတို့ဖြစ်မှာပါ။ သင်တန်းတက်တော့ များမယ်ထင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ တော့ အဲ့လောက်ကြီးတော့ ဟုတ်မယ်လို့ မထင်ပါဘူး။ ရာကြီးရှိရင်ရှိမှာပါ။ အခုနက ပြောသလိုပေါ့ ဒေသခံ ဌာနေပြည်သူ့စစ်ကို ရှေ့တန်းထွက်ခိုင်းတာ ဒါက သူတို့ရဲ့ ဗျူဟာပါ။”

ပူတာအိုမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ အချိန်ထိ ဖြစ်ပွားနေသည့် တိုက်ပွဲတွင် ပူတာအိုခရိုင် အတွင်း အခြေစိုက်လှုပ်ရှားနေသည့် ရဝမ်ပြည်သူ့စစ်ဟု လူသိများသည့် တန်ဂူးတန် (ခေါ်) အဒန်၏ ပြည်သူ့ စစ်အဖွဲ့က စစ်ကောင်စီနှင့် ပူးပေါင်းကာ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ကို တိုက်ခိုက်ကာ စစ်ရေးလှုပ်ရှား နေ ခြင်း ဖြစ်သည်ဟု ပူတာအိုဒေသခံများနှင့် KIO က ပြောသည်။

“ကျနော်တို့ နှစ်ခြင်းအသင်းတော်ဝင် ရွာသားတွေကတော့ တိုက်ပွဲဖြစ်လာတဲ့အခါ ပူတာအိုမြို့က လုံစွပ်တို့ ဘက် က အမျိုးတွေအိမ်ကို စစ်ရှောင်လာကြတယ်။ အခုတိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေမှာ ဂျိမ်းဖော့နဲ့ လီဆူ ကျနော် တို့ ညီအစ်ကိုတွေ နေကြတဲ့ရွာတွေဖြစ်တယ်။ အစတိုက်ပွဲဖြစ်တဲ့ ဆွမ်ပီယန်တပ်စခန်းကုန်းက ဒီပြည်သူ့စစ်နဲ့ စစ် တပ်တွေနေတဲ့နေရာ၊ အဲ့ဒီနေရာကနေ တိုက်ပွဲက စပြီး ဖြစ်တယ်လို့ပြောလို့ရတယ်။ အခုထိဖြစ်တယ်။ လေယာဉ် တွေနဲ့လည်း မကြာခနလာပစ်တယ်။ အခုဆို စစ်တပ်က အင်အားလည်း ထပ်တိုးထားတော့ ပြည်သူ တွေက တိုက် ပွဲအကြီးတွေ ဖြစ်လာမှာကို စိုးရိမ်နေကြတာမျိုးပေါ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြော သည်။

ပူတာအိုမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်ဆင်မှုများအပြင် လေယာဉ်များသုံးပြီး ဝေဟင်မှ လည်း ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း ပူတာ  အိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့မှုများ ဆက်တိုက် လုပ်ဆောင်နေသည်ဟု ဒေသခံများ က ပြောသည်။

ဗိုလ်မှူးကြီးနော်ဘူ က “အခုဒီ နှစ်လပိုင်းပေါ့နော် နှစ်လပိုင်း လဆန်းပိုင်းကနေ ပူတာအိုဒေသဘက်မှာလည်း တိုက်ပွဲကတော့ ကြိုကြားကြိုကြားခနခန ဖြစ်ပါတယ်။ အခုလောလောဆယ် အချိန်မှာလည်းပဲ ဟိုဆွမ်ပီယန် နားက ရှင်ကပ်ဘွမ့်ဆိုတဲ့ တပ်စခန်းနားမှာ တိုက်ပွဲတွေ ဆက်တိုက်လို ဖြစ်ပါတယ်။ အခု ၃ရက်လောက်တော့ ရှိ ပါပြီ။ ဒါပေမယ့် သိပ်ပြီးမှ ပြင်းပြင်းထန်ထန်တော့ မဟုတ်ဘူးပေါ့။ ဟိုစစ်ကောင်စီရဲ့ တပ်တွေကို ထောက်ပံ့နေ တဲ့ လမ်းကြောင်း  ဘက်မှာ ကျနော်တို့ KIO/KIA တွေနဲ့ ဟို PDF တွေကြားဖြတ်ပြီးမှ တိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလမှ စတင်၍ မြန်မာနိုင်ငံ မြောက်ဖျားပိုင်းက ပူတာအိုခရိုင် အတွင်း ဒေသခံပြည်သူများအား အခြေခံစစ်ပညာများ သင်ကြားထားကြရန် စစ်ကောင်စီ လက်အောက်ခံ ရဝမ် ပြည်သူ့စစ်အဖွဲ့ (တန်ဂူးတန်) ပြည်သူ့စစ်အဖွဲ့က တစ်ရာဝင်တစ်ရွာထွက် လိုက်လံ စည်းရုံးမှုများ ပြုလုပ်ခဲ့သည်။

ပူတာအိုမြို့နယ်၊ နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည် သူ့ကာကွယ်ရေးတပ် (PDF) တို့က တိုက်ခိုက်လာပါက အသင့်ပြန်တိုက်နိုင်ရန် ဒေသခံများ အခြေခံစစ်ပညာ သင် ထားကြရန် လိုက်လံစည်းရုံးမှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required