နေရာအသီးသီးမှ ရုရှတပ်များ ယူကရိန်းနိုင်ငံထဲ ဝင်ရောက် 

နေရာအသီးသီးမှ ရုရှတပ်များ ယူကရိန်းနိုင်ငံထဲ ဝင်ရောက် 
Photo - AFP

ဖေဖော်ဝါရီ ၂၄

အဓိက ထိုးစစ်တစ်ရပ် ဆင်နွှဲကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ကြေညာပြီး နာရီပိုင်းမှာပင် နေရာအသီးသီးမှနေ၍ ရုရှတပ်များသည် ယူကရိန်းနိုင်ငံအတွင်း ကြာသပတေးနေ့က ဝင်ရောက်လာကြကြောင်း ယူကရိန်း နယ်ခြားစောင့်တပ်က ပြောသည်။ 

ရုရှ တင့်ကားများနှင့် အခြား စစ်လက်နက်ပစ္စည်းများသည် မြောက်ပိုင်းဒေသအချို့၌ ရှေ့တန်းကို ဖြတ်ကျော်လာကြသကဲ့သို့ တောင်ပိုင်းက ရုရှကျူးကျော် သိမ်းပိုက်ထားရာ ခရိုင်းမီးယားဒေသမှလည်း ဝင်ရောက်လာကြကြောင်း အဆိုပါတပ်က ပြောသည်။ 

ခရိုင်းမီးယား နယ်စပ်တစ်လျှောက် လက်နက်ကြီး ပစ်ခတ်မှု၌ နယ်ခြားစောင့် တပ်သား တစ်ဦး သေဆုံးရာ ရုရှ၏ ကျူးကျော်မှုအတွင်း စစ်သားကျဆုံးမှု ပထမဆုံး တရားဝင် အတည်ပြုချက်လည်း ဖြစ်သည်။ 

ယူကရိန်းနိုင်ငံသည် ခွဲထွက်ရေးဒေသ အရှေ့ပိုင်း၌ ရုရှကျောထောက်နောက်ခံသော သူပုန်များနှင့် ရှစ်နှစ်တာ တိုက်ပွဲဆင်နေရရာ သေကျေပျက်စီးမှု အများအပြား ရှိနေသော်လည်း ခရိုင်းမီးယားနှင့် တောင်ပိုင်းနယ်စပ်တစ်လျှောက် သေကျေပျက်စီးမှု သတင်း မရှိခဲ့သည်မှာ နှစ်အတော်အသင့် ရှိနေခြင်း ဖြစ်သည်။ 

အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များနှင့် အရေးပေါ် ဖုန်းပြောဆိုပြီးနောက် ယူကရိန်းခေါင်းဆောင်က စစ်တပ်ထိပ်တန်း အရာရှိကြီးများအား ဆင့်ခေါ်စည်းဝေးခဲ့ကြောင်း သမ္မတရုံးက ထုတ်ပြန်သည်။ 

“ယူကရိန်း လက်နက်ကိုင်တပ်တွေဟာ ကြီးမားတဲ့ တိုက်ပွဲကို ဆင်နွှဲနေရတယ်”ဟု သမ္မတ အကြံပေး မိုခါအီလို ပိုဒိုလိတ်က ပြောသည်။ 

“ကျွန်တော်တို့ ဆုံးရှုံးနေတယ်”ဟု ၎င်းက အသေးစိတ်  မဆိုဘဲ ပြောသည်။ 

“နေရာအချို့မှာ ရုရှလက်နက်ကိုင်တပ်တွေကို တွန်းလှန်နေပါတယ်”ဟု ၎င်းက ပြောသည်။ 

ရုရှသည် ကနဦးက စစ်ရေးအခြေခံ အဆောက်အအုံများနှင့် စစ်ကုန်လှောင်ရုံများကို ပစ်မှတ်ထားခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူများက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly