ဖေဖော်ဝါရီ ၂၄
ရိုဟင်ဂျာ မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်သည်ဟု စွဲဆိုထားသော အမှုကို ပယ်ဖျက်နိုင်ရေးအတွက် မြန်မာနိုင်ငံက ကြိုးစားလာပြီး တရားရေးအရ ယင်းအမှုအား အဆုံးသတ်ရန် လျှောက်လဲခဲ့သည်ကို ပလပ်ရေးအတွက် နိုင်ငံတကာ တရားရုံး ICJ အား ဂမ်ဘီးယားနိုင်ငံက တိုက်တွန်းလိုက်သည်။
၂၀၁၇ ခုနှစ်က စစ်တပ်၏ ဖြိုခွင်းမှုများအတွင်း ရိုဟင်ဂျာ မွတ်စလင် လူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲရင်း ၂၀၁၉ ခုနှစ်၌ မြန်မာကို ဂမ်ဘီးယားနိုင်ငံက ICJ ၌ တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ကာကွယ်နေရုံတင်မဟုတ်ဘူး လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက် genocide convention မှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံအဖြစ် ကျွန်တော်တို့မှာ အခွင့်အရေး ရှိထားတာကို ကိုယ်စားပြုနေတာလည်း ဖြစ်တယ်”ဟု ဂမ်ဘီးယား ရှေ့နေချုပ် Dawda Jallow က ဗုဒ္ဓဟူးနေ့က တရားရုံးတွင် လျှောက်ထားသည်။
လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ရန်၊ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်အောင် မလှုံ့ဆော်ရန်နှင့် အပြစ်ပေးမခံရသော လူမျိုးတုံးသတ်ဖြတ်မှုများကို တားဆီးရန်တို့အတွက် မြန်မာနိုင်ငံကို တာဝန်ခံစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လာင်းပြောဆိုသည်။
“မြန်မာရဲ့ genocide convention ချိုးဖောက်နေတာဟာ ကျွန်တော်တို့ရဲ့ ဖြောင့်မတ်တဲ့ အသိတရားအပေါ် အစွန်းအထင်း ဖြစ်စေတယ်၊ ကိုယ့်အလုပ် မဟုတ်ဘူးလို့ ဟန်ဆောင်နေရတာက တာဝန်မဲ့ရာ ရောက်မှာဘဲ ဖြစ်တယ်”ဟု ဂမ်ဘီးယား ရှေ့နေချုပ်က တရားသူကြီးများအား ပြောသည်။
တနင်္လာနေ့က တရားရုံးကြားနာမှု၌ မြန်မာက ယခု လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲတင်လာသည့် ဂမ်ဘီးယားနိုင်ငံကို ထိုးနှက်ချေဖျက်ခဲ့သည်။
ဂမ်ဘီးယားနိုင်ငံသည် ‘၎င်း၏ ကိုယ်ပိုင်အခွင့်အရေးကို ကိုယ်စားပြုခြင်းဖြင့်’ တရားစွဲဆိုနေခြင်း မဟုတ်ကြောင်း မြန်မာဘက်က ရှေ့နေများက လျှောက်လဲခဲ့သည်။ ဂမ်ဘီးယားသည် ကမ္ဘာ့မွတ်စလင်များ အကျိုးစီးပွားကို ကိုယ်စားပြုသော ၁၉၆၉ ခုနှစ်က ဖွဲ့စည်းသည့် အဖွဲ့ဝင် ၅၇ နိုင်ငံပါ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား အမှုစွဲဆိုနေခြင်းသာဖြစ်၍ အမှုကို ပယ်ချသင့်ကြောင်း မြန်မာရှေ့နေများက လျှောက်လဲသွားခဲ့ခြင်း ဖြစ်သည်။