ကလေးမြို့နယ် မှန်တောရွာတိုက်ပွဲ စစ်ကောင်စီတပ်သားများ ဒဏ်ရာရကာ ဆုတ်ခွာသွား

ကလေးမြို့နယ် မှန်တောရွာတိုက်ပွဲ စစ်ကောင်စီတပ်သားများ ဒဏ်ရာရကာ ဆုတ်ခွာသွား
ဓာတ်ပုံ - CDF (KKG) ရဲဘော်များ

ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းတိုင်း၊ယ ကလေးမြို့တောင်ပိုင်း မှန်တောရွာ၌ တိုက်ပွဲ၌ စစ်ကောင်စီတပ်သား ခြောက်ဦးထက် မနည်း ဒဏ်ရာ ရရှိသွားကြောင်းနှင့် သေဆုံးမှု အရေအတွက်ကိုမူ အတည် မပြုနိုင်သေးကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကလေး ၊ ကဘော် ၊ ဂန့်ဂေါ) CDF- KKG က ထုတ်ပြန်သည်။

ကလေးမြို့တောင်ပိုင်း ကြံသာရွာနှင့် ဂန့်ဂေါမြို့မြို့နယ် ဟံသာဝတီ ရွာတို့၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်နှင့် ပျူစောထီး ပူးပေါင်း အင်အား ၇၀ ခန့်သည် ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကြောင်း နှစ်ကြောင်း ခွဲ၍ မှန်တောရွာဘက်သို့ တောလမ်းမှ ချီတက်လာစဉ် နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းတိုက်ပွဲကို CDF- KKG အပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF -Thantlang ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ကလေး) PDF-Kalay ၊ ရိန်းဂျားကလေးမြို့ ကာကွယ်ရေးတပ်ဖွဲ့ RKDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ခြင်းအပြင် မိုင်းများ ခွဲခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာသွားကြသည်ဟု ဆိုသည်။

ကလေးမြို့နယ် ရန်ကြီးအောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် သံဖိုကျေးရွာသို့ ဝင်ရောက်ကာ နေအိမ် ၊ ဆန်စက်နှင့် ဆိုင်ကယ်များအား မီးရှို့ခဲ့ကြသည်။ CDF- KKG တပ်ရင်း (၃) ရဲဘော်များနှင့် ပြည်သူများ ငြှိမ်းသတ်မှုကြောင့် ဆန်စက်မီးကို ငြိမ်းသတ် နိုင်ခဲ့သော်လည်း နေအိမ် နှစ်လုံးနှင့် ဆိုင်ကယ်တစ်စီး မီးလောင် ပြာကျခဲ့ရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နေ့ကလည်း ဂန့်ဂေါမြို့နှင့် ပျားရွာ အကြားရှိ စစ်ကောင်စီ တပ်ဖွဲ့ များ တပ်စွဲရာ စက်ယန္တရားကုန်းကို CDF-KKG တပ်ရင်း (၅) က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly