မုံရွာမြို့၌ လုပ်ငန်းရှင်များ အပါဝင် ပြည်သူ ၂၇ ဦး ဖမ်းဆီးခံရ

မုံရွာမြို့၌ လုပ်ငန်းရှင်များ အပါဝင် ပြည်သူ ၂၇ ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၂၃ ရက်

စစ်ကိုင်းတိုင်း မုံရွာမြို့၌ လုပ်ငန်းရှင် ၁၀ ဦးနှင့် လူငယ် ၁၇ ဦး စုစုပေါင်း ၂၇ ဦး ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဖမ်းဆီး ခံရကြောင်း မုံရွာမြို့ရှိ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံ ထားရသော လုပ်ငန်းရှင်များမှာ ကျောက္ကာလမ်းမှ မြနဂါး စတိုးပိုင်ရှင် ၊ စိန်နဂါး(နာရီဆိုင်) ၊ Mobile One (ဖုန်းဆိုင်) ၊ ဖောင်းပြင်စတိုး ပိုင်ရှင် ၊ နန္ဒဝန် ရပ်ကွက်မှ အောင်သပြေ စတိုး ၊ ယမင်းစတိုး ၊ အောင်ကောင်း လက်ဖက်ဆိုင်ပိုင်ရှင် ၊ တောတန်းအိုင် လက်ဖက်ရည်ဆိုင် ၊  စက်မှုဇုန်မှ ရွှေနှင်းဆီ အလုပ်ရုံပိုင်ရှင် နှင့် ဆူးလေကုန်း ရပ်ကွက်မှ ကံထူးသာ ထမင်းဆိုင် ပိုင်ရှင်တို့ ဖြစ်သည်။ 

“သပိတ် အင်အားစုတွေက နှစ် ခြောက်လုံး သပိတ်မှာ ပါဝင်ဖို့ တိုက်တွန်းထားတာတွေ ရှိတယ်။ နှစ်ငါးလုံး တုန်းကလည်း ပြည်သူတွေ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ အခုလည်း ပြည်သူတွေရဲ့ တစ်ခဲနက် တော်လှန်မှာကို ကြောက်တဲ့အတွက် အမျိုးမျိုး အကြောင်းပြပြီး ဖမ်းဆီးနေတာ ဖြစ်တယ်” ဟု မုံရွာမြို့ရှိ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

ဖမ်းဆီး ခံရသူများ ထဲတွင် နှစ် ခြောက်လုံး လှုပ်ရှားမှု စာရွက်များ လိုက်လံဖြန့်ဝေ နေချိန် အဖမ်းအဆီး ခံရသူများ ရှိသကဲ့သို့ နေထိုင် သွားလာတတ်သည့် နေရာကို လာရောက် ဖမ်းဆီး ခံရသူများလည်း ရှိသည်ဟု ၎င်းက ဆိုသည်။ စီးပွားရေး လုပ်ငန်းရှင်များကိုမူ  ဆိုင်များအတွင်း ဝင်ရောက် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။  အဖမ်းခံထား ရသူများကို မုံရွာမြို့ အမှတ် (၁) ရဲစခန်းနှင့် မြို့တော်ခန်းမ၌  စစ်ဆေး နေကြောင်း သိရသည်။

လူငယ်များကိုမှု PDF အကြမ်းဖက်များ ဟု စွပ်စွဲထားပြီး လုပ်ငန်းရှင်များအား PDF ကို ထောက်ပံ့ ကူညီသည့်အတွက် အရေးယူခြင်း ဖြစ်ကြောင်း စစ်ကောင်စီ ထောက်ခံသူများနှင့် စစ်တပ် ဝါဒဖြန့် သတင်းဌာနများတွင် ရေးသား ဖော်ပြမှုများ ရှိသည်။

မုံရွာမြို့၌ စစ်ကောင်စီ တပ်ဖွဲ့များက အိမ်စီးကားများကို အသုံးပြုပြီး အရပ်ဝတ်များဖြင့် လှည့်လည် သတင်းယူ ဖမ်းဆီးလျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required