အလှမယ်သင်းသင်းကို စစ်ကောင်စီတပ်က အိမ်အတွင်း အကြမ်းဖက် ဝင်ရောက်ဖမ်းဆီး

By ရိုဇာ
23 February 2022
အလှမယ်သင်းသင်းကို စစ်ကောင်စီတပ်က အိမ်အတွင်း အကြမ်းဖက် ဝင်ရောက်ဖမ်းဆီး

ဖေဖော်ဝါရီ ၂၃

ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွှန့် ရပ်ကွက်ရှိ အလှမယ်သင်းသင်း၏ နေအိမ်သို့ ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းက ယူနီဖောင်းဝတ် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် အရပ်ဝတ် လက်နက်ကိုင်များ အပါအဝင် လူအင်အား ဆယ်ယောက်ကျော်ဖြင့် ဧည့်စာရင်း စစ်ရန်အတွက်ဟု ဆိုကာ နေအိမ်တံခါး ဖွင့်ခိုင်းပြီး အိမ်အတွင်း အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ညက ဧည့်စာရင်း စစ်မယ်ဆိုပြီး ဖမ်းသွားတာပေါ့။ သူ့တစ်ယောက်ထဲကိုဘဲ ဖမ်းသွားတာ” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးမှုအား အလှမယ်သင်းသင်းက Live လွှင့်ထားသည်ကိုလည်း တွေ့ရပြီး ယင်း Live ဗီဒီယိုတွင် စစ်ကောင်စီက နေအိမ်တံခါး ထုရိုက်၍ဖွင့်ရန် ကြိုးစားခဲ့ပြီးနောက် ဧည့်စာရင်း စစ်မည်ဖြစ်၍ တံခါးဖွင့်ပေးရန် အလှမယ်သင်းသင်းကို ပြောဆိုမှုကြောင့် တံခါးဖွင့်ပေးချိန်တွင် ၎င်းကိုင်ဆောင်ထားသော ဖုန်းကိုလုပြီး လူကို အကြမ်းဖက် ချုပ်နှောင်ကာ ဒူးထောက်ခိုင်း ခဲ့သည်ကိုလည်း တွေ့ရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့က ၎င်း၏ နေအိမ်သို့ အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်မှ လူငါးဦးက တံခါးဖွင့် ပေးရန် ခြိမ်းခြောက် ပြောဆိုပြီး နေအိမ်တွင်း ဝင်ရောက် ရိုက်နှက်ခဲ့သည်ဟု အလှမယ်သင်းသင်းက Live တွင် ပြောခဲ့သည်။

အလှမယ်သင်းသင်းက သရုပ်ဆောင် ဝေဠုကျော်အား ကာမ လိမ်လည် ရယူခဲ့သည် ဟုဆိုကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၈ ရက်က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆို ထားပြီး လက်ရှိ အချိန်အထိ အမှု ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် ဝေဠုကျော်၏ မင်္ဂလာဆောင် ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပေါ်ထွက်လာသည့် နေ့တွင်ပင် တိုက်တိုက်ဆိုင်ဆိုင် အလှမယ်သင်းသင်း ဖမ်ဆီးခဲ့ခံရခြင်း ဖြစ်သည်။

ယခုကဲ့သို့ အမျိုးသမီး တစ်ဦးကို နေအိမ်အတွင်း အကြမ်းဖက် ဝင်ရောက် ဖမ်းဆီးခဲ့မှု အပေါ် ပြည်သူများက လူမှုကွန်ရက်မှ ဝေဖန်လျက် ရှိသည်။

လတ်တလောတွင် အလှမယ်သင်းသင်း၏ မိသားစုဝင်များနှင့်လည်း ဖုန်းအဆက်အသွယ် ပြုလုပ်၍ မရကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

#အလှမယ်သင်းသင်း

#စစ်ကောင်စီတပ်

#ဝေဠုကျော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly