တရုတ်က ဝီဂါလူမျိုးအထက်တန်းကျောင်းအုပ်ကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်

By Zee5
22 February 2022
တရုတ်က ဝီဂါလူမျိုးအထက်တန်းကျောင်းအုပ်ကို ထောင်ဒဏ် ၁၈ နှစ် ချမှတ်

ဝီဂါပညာရှင်နှစ်ဦးအား ဟောပြောပို့ချရန် ဖိတ်ခေါ်ခဲ့သည့် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသ ကော်လာမြို့ရှိ အထက်တန်းကျောင်းမှ ဝီဂါလူမျိုး ကျောင်းအုပ်တစ်ဦးကို အာဏာပိုင်များက ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်သည်။

ရှာရက်ဟီရစ်သည် ယဉ်ကျေးမှုဆိုင်ရာ ဟောပြောပွဲများကို စီစဉ်ကျင်းပခဲ့ရာတွင် နာမည်ကျော် ဝီဂါပညာရှင်များဖြစ်သည့် ယာကွန်ရိုဇီနှင့်အဗ္ဗဒူကာဒီဂျာလာလီဒင်တို့အား ဟောပြောပို့ချပေးရန် ဖိတ်ကြားခဲ့ကြောင်း ဆောင်းပါးရှင် ရှိုရတ်ဟိုရှာက RFA တွင် ရေးသားထားသည်။

တရုတ်အာဏာပိုင်များသည် ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်ဝါဒကို တားဆီးရန်ဟုဆိုကာ ရှင်ကျန်းတွင် ပြန်လည်ပညာပေးရေးစခန်းကွန်ရက်ကြီး၌ ဝီဂါနှင့်အခြား တာကစ်စကားပြော မွတ်စလင်များကို စတင်ထိန်းသိမ်းသည့် ၂၀၁၇ ခုနှစ်မှစ၍ ထိုပညာရှင် ၂ ဦးသည် အကျဉ်းထောင်သို့ ရောက်ရှိခဲ့သည်။

ပြည်ပတွင်နေသော ရှာရက်၏ကျောင်းသားဟောင်း ဟူဆန်ဂျန်က ကျောင်းအုပ် ရှာရတ်ဟီရစ်သည် လွန်ခဲ့သည့် ၄ နှစ်ခန့်က တရုတ်အာဏာပိုင်များ၏ဖမ်းဆီးမှုကို ခံခဲ့ရကြောင်းနှင့် ပြစ်ဒဏ်ချမှတ်ခံရခြင်းကို မသိခဲ့ကြကြောင်း ပြောသည်၊

“ဆရာ့ကို ထောင် ၁၈ နှစ်ချလိုက်တယ်ဆိုတာ တရုတ်ပြည်အတွင်းက တရုတ်လူမျိုး သူငယ်ချင်း တစ်ယောက်ကနေတစ်ဆင့် သိခဲ့ရပါတယ်။ စိတ်မကောင်းစရာသတင်းကြောင့် ဝမ်းနည်းရပါတယ်။ ဒါပေမယ့် ဆရာပျောက်နေတာ ၃ / ၄ နှစ်လောက်ရှိပြီဆိုတော့ အထူးအဆန်းတော့ မဖြစ်တော့ပါဘူး။ ဆရာဟာ အဆင့်အတန်းရှိတဲ့ ပညာတတ်တစ်ယောက်ပါ” ဟု ဟူဆန်ဂျန်က ဆိုသည်။

ရှာရက်သည် ရှင်ကျန်းပြင်ပရှိ တရုတ်တက္ကသိုလ်မှ ဘွဲ့ရရှိပြီး ၎င်း၏ကိုယ်ပိုင်ဘာသာစကားအပြင် တရုတ်နှင့် အင်္ဂလိပ် နှစ်ဘာသာစလုံးကို ကျွမ်းကျင်သည်ဟု ဟူဆန်ဂျန်က ပြောသည်။

တရုတ်အစိုးရသည် ၂၀၁၇ခုနှစ်တွင် ဝီဂါများအပေါ် ဖိနှိပ်မှုအရှိန်မြှင့်ချိန်တွင် ရှာရက်သည် အာဏာပိုင်များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ပထမဆုံး ဝီဂါအထက်တန်းလွှာများထဲမှ တစ်ဦးဖြစ်သည်ဟု ဆိုသည်။

ရှာရက်သည် ၎င်း၏တာဝန်ယူမှုရှိသောလုပ်ငန်းပိုင်ဆိုင်ရာကျင့်ဝတ်နှင့် ပညာရေးနောက်ခံကြောင့် ကော်လာမြို့ရှိ ဝီဂါအဖွဲ့အစည်းတွင် အလျင်အမြန် လူသိများလာခဲ့ကြောင်း ဂျပန်တွင်နေထိုင်သော ကျောင်းသားဟောင်းတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly