အိုလံပစ်ပွဲတော်ကြောင့် တရုတ်နှင့်တောင်ကိုရီးယားအကြား ပိုမို စိတ်ဝမ်းကွဲလာ

By Washington Post
22 February 2022
အိုလံပစ်ပွဲတော်ကြောင့် တရုတ်နှင့်တောင်ကိုရီးယားအကြား ပိုမို စိတ်ဝမ်းကွဲလာ

ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲ၌ ယဉ်ကျေးမှုဆိုင်ရာအပိုင်စီးမှုနှင့် တရားမမျှတသော ဦးစီးလုပ်ဆောင်မှုများရှိသည်ဟူသော စွပ်စွဲပြောဆိုမှုများက တရုတ်အပေါ် တောင်ကိုရီးယားနိုင်ငံသား၏ အမျက်ဒေါသကို ပိုမိုလှုံ့ဆောက်ရာရောက်ခဲ့ပြီး ယဉ်ကျေးမှုနှင့်နိုင်ငံရေးဆိုင်ရာတင်းမာမှု သမိုင်းကြောင်းများရှိနေသည့် အိမ်နီးချင်းနှစ်နိုင်ငံအကြားကမ္ဘာ့အားကစားပွဲတော်အဖြစ်မှ နောက်ထပ် ပဋိပက္ခအသွင်တစ်ခုသို့ ဖြစ်ပေါ်လာစေခဲ့သည်။

ဖွင့်ပွဲအခမ်းအနားအတွင်း တရုတ်ဖျော်ဖြေတင်ဆက်သူတစ်ဦးက ကိုရီးယားရိုးရာဝတ်စုံ ‘hanbok’ ကို ဝတ်ဆင်လိုက်ချိန်တွင် အငြင်းပွားမှုများ စတင်ခဲ့ခြင်းဖြစ်ပြီး ကင်မ်ချီအပါအဝင် နှစ်နိုင်ငံစလုံးတွင် တွေ့ရသော ယဉ်ကျေးမှုဆိုင်ရာ ဇာစ်မြစ်နှင့်ပတ်သက်ပြီး ကာလကြာရှည်အငြင်းပွားမှုများ ပြန်လည် အသက်ဝင်လာခဲ့သည်။

တောင်ကိုရီးယား ရေခဲပြင်စကိတ်စီးသမား ၂ ဦးကို စည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ ပြိုင်ပွဲမှ ပယ်ခဲ့ပြီး ထိုပွဲတွင် နောက်ဆုံး၌ တရုတ်အားကစားသမားများ အနိုင်ရရှိခဲ့သည်။

ဆန္ဒပြသူများသည် ဆိုးလ်မြို့တွင် စုဝေးခဲ့ကြပြီး တရုတ်အလံများကို လက်ဖြင့် စုတ်ဖြဲခဲ့ကြသည်။ K-pop စူပါစတားအဖွဲ့ BTS ၏ ပရိသတ်များပင် စကိတ်သမားများဘက်က ရပ်တည်ကာ စုဝေးဆန္ဒပြခဲ့ကြသည်။ တရုတ်ဝေဖန်ရေးဆရာများက တောင်ကိုရီးယားအားကစားသမားများနှင့် သတင်းထောက်များကို အရှက်မရှိဟု ဝေဖန်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

အိုလံပစ်ပွဲတော်သည် တောင်ကိုရီးယားနိုင်ငံတွင် အထူးသဖြင့် အွန်လိုင်း၌ဝေဖန်တိုက်ခိုက်မှုများကို ဦးဆောင်သော လူငယ်ကိုရီးယားများအကြား တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်များ တိုးလာစေသော ပစ်မှတ်အသစ်တစ်ခုဖြစ်လာသည်။

ပြီးခဲ့သည့်နှစ်နှောင်းပိုင်းက တောင်ကိုရီးယားနိုင်ငံသား ၁၀၀၀ ခန့်ဖြေဆိုခဲ့သော စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံသည် ခြိမ်းခြောက်မှုအရှိဆုံးနိုင်ငံအဖြစ် ရှုမြင်ခံရပြီး ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက ၎င်းတို့၏ အာရှအိမ်နီးချင်းကို ‘အကြီးမားဆုံး ခြိမ်းခြောက်မှု’ အဖြစ် ထောက်ပြပြောဆိုခဲ့ကြသည်။

အိမ်နီးနားချင်းနိုင်ငံများအပေါ် တရုတ်၏ အကျပ်ကိုင်မှုနှင့် မခန့်လေးစားလုပ်သော သဘောထားများသည် အဆိုးမြင်ခံရခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း တောင်ကိုရီးယား အမျိုးသားစည်းလုံးညီညွတ်ရေး ဌာန၏ စစ်တမ်းသုံးသပ်မှုတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly