ဒေါက်တာဇော်မြင့်မောင် အမှု တရားလိုပြသက်သေ COVID-19 ကူးစက်ခံရ၍ ကြားနာစစ်ဆေးမှု မပြု

ဒေါက်တာဇော်မြင့်မောင် အမှု တရားလိုပြသက်သေ COVID-19 ကူးစက်ခံရ၍ ကြားနာစစ်ဆေးမှု မပြု

ဖေဖော်ဝါရီလ ၂၂ ရက်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား အဂတိ လိုက်စားမှု ပုဒ်မဖြင့် စွဲဆိုထားသော အမှု အတွက် တရားလိုပြသက်သေ COVID-19 ကူးစက်ခံထားရသောကြောင့်  ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ ကြားနာစစ်ဆေးမှု မပြုလုပ်နိုင်ခဲ့ကြောင်း အိုးဘိုထောင်တွင်း သတင်းအရင်းအမြစ်က မဇ္ဈိမကို ပြောသည်။

ယနေ့ ထွက်ဆိုမည့် တရားလိုပြ သက်သေမှာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ.စ.စ) မှ အရာရှိ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ်အား စွဲဆိုထားသော အဂတိအမှု ငါးမှု ရှိသည့်အနက် ယနေ့ စစ်ဆေးမှု မပြုနိုင်သော အမှုမှာ စီးပွားရေး လုပ်ငန်းရှင် မောင်ဝိတ်က ဆေးကုသရန်လှူဒါန်းခဲ့သည် ဆိုသောအမှု အတွက် ဖြစ်ကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် မောင်ဝိတ်က တရားလိုပြ သက်သေ အဖြစ် လာရောက်ထွက်ဆိုခဲ့ပြီး ဖြစ်သည်။

၎င်း၏ ထွက်ဆိုချက်တွင် အမေရိကန် ဒေါ်လာ တစ်သိန်းနှင့်  မြန်မာကျပ်ငွေ သိန်း ၆၅၀ ကို ဆေးကုသရန် အတွက် ပေးအပ်ခဲ့သည့် အပေါ် မိမိဆန္ဒဖြင့် လှူဒါန်းခြင်းသာ ဖြစ်သည်ဟု တရားခွင်အတွင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အမှုအား မန္တလေးတိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးစိန်တင်ဆိုသူက တရားလိုပြုလုပ်ကာ တိုင်ကြားထားသည့် အမှုဖြစ်ပြီး၊ ဖြစ်စဉ် တစ်ခုတည်းအပေါ် အမှုနှစ်မှုခွဲကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဒေါက်တာဇော်မြင့်မောင် ထိုင်းနိုင်ငံတွင် ဆေးကုသရန် မောင်ဝိတ်က ဒေါ်လာ တစ်သိန်းကို သုံးကြိမ်ခွဲ လှူဒါန်းခဲ့သည့် ဖြစ်စဉ်ကို ရာဇဝတ်ကြီးမှု အမှတ် ၇/၂၀၂၁ ဖြင့် တရားစွဲဆို ထားသည်။ ဒေါ်လာတစ်သိန်းခွဲ လှူဒါန်းရာတွင် ပထမ ဒေါ်လာ သုံးသောင်း၊ ဒုတိယ ဒေါ်လာ သုံးသောင်းခွဲ နှင့် တတိယ အကြိမ် ဒေါ်လာ သုံးသောင်းခွဲ စုစုပေါင်း ဒေါ်လာ တစ်သိန်း လှူဒါန်းခဲ့သည့် ဖြစ်စဉ် ဖြစ်သည်။

နောက်တစ်မှုမှာ ထိုင်းနိုင်ငံမှ ဆေးကုသပြီး ပြန်လာစဉ် ဝန်ကြီးချုပ် လိုအပ်သည်များ သုံးစွဲရန် မောင်ဝိတ်က ထပ်မံ၍ မြန်မာငွေကျပ် သိန်း ၆၅၀ ကို နှစ်ကြိမ်ခွဲ လှူဒါန်းခဲ့သည့် ဖြစ်စဉ်အတွက် ရာဇဝတ်ကြီး အမှု ၈/၂၀၂၁ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။ မြန်မာငွေကျပ် သိန်း ၆၅၀ ကို ပထမအကြိမ် သိန်း၃၀၀နှင့် ဒုတိအကြိမ်တွင် သိန်း ၃၅၀ စုစုပေါင်း ကျပ်သိန်း ၆၅၀ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“ငွေပေးတယ် ဆိုတဲ့ စကားလုံးကို ချက်ချင်း ကန့်ကွက်ပြီး ကျွန်တော် (မောင်ဝိတ်) လှူတာဆိုပြီး ပြောတယ်။ ကျွန်တော်က ကျန်းမာရေး ကိစ္စဖြစ်နေလို့ ကျွန်တော့် အဘိုးတွေ၊ ကျွန်တော့် အဖေတွေလည်း ကင်ဆာရောဂါနဲ့ သေကြတာ ဖြစ်တဲ့အတွက် ကျွန်တော်က အဖေလို အဖိုးလို သဘောထားပြီး လှူတာလို့ပြောတယ်။ သူရဲ့ထွက်ချက်ကို လက်မှတ်ထိုးခိုင်းတော့ တော်တော်နဲ့ လက်မှတ် မထိုးဘူး။ တစ်လုံးချင်း သေချာဖတ်ပြီး စစ်ပြီးတော့မှ ပေးတယ်ဆိုတဲ့ အသုံးအနှုန်းမပါမှ လက်မှတ်ထိုးတာ။ သူ့ထွက်ချက် မှတ်တမ်းကို သူစစ်ဆေးတာ တော်တော်ကြာတယ်” သတင်းအရင်းအမြစ်က ရှင်းပြသည်။

ငွေပေးခဲ့သည် ဆိုသည့် စကားလုံး အသုံးအနှုန်းအစား လှူဒါန်းခဲ့သည်ဟု မောင်ဝိတ် ထွက်ဆိုချက်ကို တရားရုံးက လက်ခံကာ မှတ်တမ်းအဖြစ် ရယူထားသည်ဟု ဆိုသည်။

 “ဒါဆို ဘယ်လို လုပ်ပေးရမလဲ ဆိုတော့ ကျွန်တော်က လှူတာ၊ ပေးတာ မဟုတ်ဘူးလို့ ပြောတယ်။ တရားသူကြီးရော၊ ဥပဒေ အရာရှိတွေပါ မျက်စိတွေ လည်ကုန်တယ်။ မောင်ဝိတ်က သူလှူတယ်လို့ ထွက်ဆိုပြီး အမှုနှင့် ပတ်သက်လို့ တရားရုံး မှတ်တမ်းမှာ ပါရှိနေတဲ့ ပေးသည်ဆိုတဲ့ စာအသုံးအနှုန်း နေရာတွေကို အကုန်ဖျက်ခိုင်းတာဗျ” ဟု ထပ်မံ ရှင်းပြသည်။

ယင်းနေ့ ရုံးချိန်းတွင် မောင်ဝိတ်က အတင်း ထိုင်ကန်တော့ရန် ပြုလုပ်မှုကို ဒေါက်တာဇော်မြင့်မောင်က ငြင်းဆန်ခဲ့ကြောင်း၊ သို့သော် အကြိမ်ကြိမ် ကန်တော့ရန် ကြိုးစားမှုကြောင့် ကန်တော့ခံခဲ့ပြီး ဆုတောင်းပေးခဲ့သည်ဟု ဆိုသည်။

“မောင်ဝိတ်နောက်က ပါလာတဲ့ သူတွေလည်း ရှိတယ်။ အရပ်ဝတ်တွေနဲ့ ဆိုတော့ ဘာတွေမှန်းတော့ မသိဘူးပေါ့။ တရားခွင်အပြီး အထွက်မှာ ထိုင်ကန်တော့တဲ့ အချိန်မှာ ကျမ်းဆိုတာ စူးတတ်တယ်။ သံသရာအထိ ခံရမှာလို့ပြောတဲ့ အသံ သဲ့သဲ့တော့ ကြားလိုက်တယ်။ အဲ့ဒီစကားက ဒေါက်ဇော်ကို ထိုင်ကန် တော့ဖို့ လုပ်နေတဲ့ အချိန်မှာ ပြောတဲ့စကား။ အဲ့ဒီလို ပြောနေရင်း တန်းလန်းနဲ့ကမှ အတင်း ထိုင်ကန်တော့တာ။ ဒေါက်ဇော် ကလည်း ဆုတွေ ဘာတွေပေးတဲ့ အဆင့်အထိ ဖြစ်သွားတာ" ဟုဆိုသည်။ 

ယင်း အဂတိအမှုအတွက် အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် စစ်ဆေးရန်ရှိပြီး၊ အမှုအတွက် စစ်ဆေးနေသည့် အဆင့်မှာ တရားလိုပြ သက်သေများ ခေါ်ယူ စစ်ဆေးနေသည့် အဆင့်ဖြစ်သည်။

အမှုအတွက် တရားလိုပြ သက်သေ လေးဦးမျှ ကျန်ရှိနေသေးပြီး ယင်းအနက် ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ဦး လာရောက်ထွက်ဆိုရန် ရှိနေသည့်အပြင် ယနေ့ရုံးချိန်းတွင် လာရောက် သက်သေ မထွက်ဆိုနိုင်သော စသုံးလုံး အရာရှိ ပါဝင်နေပြီး၊ မည်သို့ ထွက်ဆိုချက် ပေးမည်ကို စောင့်ကြည့်ရန်လိုကြောင်း ဆိုသည်။

“အဲ့ဒီတော့ တရားလိုပြ သက်သေ တစ်ဦးကတော့ အခုလို ထွက်ဆိုသွား ပေမယ့် ထပ်ပြီး ထွက်ဆိုမယ့် သူ သုံးလေးယောက်လောက် ကျန်သေးတယ်။ ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူ တစ်ယောက်လည်း ပါတယ်။ သူတို့ကတော့ ဘယ်လို ထွက်ဆိုမလဲ ဆိုတာ ကြည့်ရဦးမှာပေါ့။ မောင်ဝိတ် ထွက်ချက်အရ ဆိုရင်တော့ ဥပဒေအရ တစ်မျိုး ဖြစ်သွားမှာပေါ့ဗျာ။ ဒီအပေါ် ကြိုတင် မသုံးသပ်ချင်ဘူး” ဟု ၎င်းကဆက် ပြောသည်။

ဒေါက်တာဇော်မြင့်မောင်သည် မောင်ဝိတ်နှင့် ပတ်သက်သည့် အမှုနှစ်အခု အပါအဝင် အဂတိအမှု ငါးမှုနှင့် မဲမသာမှု ပြုလုပ်သည်ဟု ဆိုကာ စွပ်စွဲထားသော အမှု နှစ်မှု စုစုပေါင်း အမှု ခုနှစ်မှု ဆက်လက် တရားရင်ဆိုင်ရန် ကျန်ရှိနေသေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required