BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင်ကို မဖိတ်ရန် India for Myamar တောင်းဆို

BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင်ကို မဖိတ်ရန် India for Myamar တောင်းဆို

ဖေဖော်ဝါရီလ ၂၂ ရက်

သီရိလင်္ကာနိုင်ငံတွင် ကျင်းပမည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများ ပါဝင်သည့် (၅) ကြိမ်မြောက် BIMSTEC ထိပ်သီး အစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖိတ်ကြားခြင်း မပြုရန် India for Myanmar က ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန် တောင်းဆိုလိုက်သည်။

မတ်လ ၃၀ ရက်နေ့ စတင် ကျင်းပမည့် အစည်းအဝေးသို့ မင်းအောင်လှိုင်အား ဖိတ်ကြားပါက BIMSTEC အဖွဲ့ဝင် နိုင်ငံများသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီးနှင့် တက်ကြွ လှုပ်ရှားသူများ၏ ပြင်းထန်သည့် ဆန့်ကျင်မှုများ ကြုံတွေ့ရမည် ဖြစ်ကြောင်း ဆိုသည်။

လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စု အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထား ရသည့် စစ်ကောင်စီ အဖွဲ့ဝင်များနှင့် ဆက်စပ် ပတ်သက်သမျှ ရပ်တန်းက ရပ်ရမည်ဖြစ်ကြောင်း ဆိုသည်။

BIMSTEC အဖွဲ့သည် စစ်ကောင်စီအား စစ်ရေးလေ့ကျင့်မှု အပါအဝင် အစည်းအဝေးများ ဖိတ်ခေါ်၍ အသိမှတ်ပြုမှုများသည် ဂုဏ်သိက္ခာကို ကျဆင်းစေပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီ လှုပ်ရှားမှု၊ နွေဉီးတော်လှန်ရေး တောင်းဆိုချက်များအား လေးစား လိုက်နာရမည်ဟု India for Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နှစ်နှစ် တစ်ကြိမ် ပြုလုပ်သည့် ယင်းညီလာခံ (၄) ကြိမ်မြောက်ကို နီပေါနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သမ္မတ ဉီးဝင်းမြင့် တက်ရောက်ခဲ့သည်။

India for Myanmar သည် တောင်အာရှ ဒေသတွင်း ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်သည့် အိန္ဒိယ အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ သွေးစည်းညီညွတ်မှု နှိုးဆော်ရေး လူထုလှုပ်ရှားမှု အဖွဲ့အစည်း ဖြစ်သည်။

BIMSTEC သည် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်ပြီး ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ရေရှည် တည်တံ့သည့် ဒေသကြီး ဖြစ်လာရန် ဆွေးနွေးကာ အမြင့်ဆုံးသော မူဝါဒ ချမှတ်လေ့ရှိပြီး အဖွဲ့ဝင်များဖြစ်သော ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံတို့ တက်ရောက်ကြမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly