စစ်ကောင်စီ ဝန်ကြီးများ အပါအဝင် လူ ၂၂ ဦးနှင့် MOGE နှင့်  နာမည်ကြီး ကုမ္ပဏီ ၂ ခုကို EU ပိတ်ဆို့ အရေးယူ 

စစ်ကောင်စီ ဝန်ကြီးများ အပါအဝင် လူ ၂၂ ဦးနှင့် MOGE နှင့်  နာမည်ကြီး ကုမ္ပဏီ ၂ ခုကို EU ပိတ်ဆို့ အရေးယူ 

ဖေဖော်ဝါရီလ ၂၂ ရက်

စစ်ကောင်စီ၏ ဝန်ကြီးများ အပါအဝင် လူ ၂၂ ဦးနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE၊ အမှတ် (၁) သတ္ထုတွင်း လုပ်ငန်းနှင့် နာမည်ကြီး ဦးတေဇ၏ ထူးကုမ္ပဏီ၊ ဦးနေအောင်၏ IGE ကုမ္ပဏီတို့အား ပိတ်ဆို့ အရေးယူမှုများ ဥရောပသမဂ္ဂ (EU)က ချမှတ်လိုက်ကြောင်း ကြေညာသည်။

မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်များက အရပ်သား ပြည်သူများနှင့် ဒီမိုကရေစီအရေး လှုပ်ရှား နေသော အင်အားစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက် ကျူးလွန်နေခြင်းကို တုံ့ပြန်အရေးယူသည့် အနေဖြင့် ချမှတ်ခြင်းဖြစ်သည်ဟု EU ကကြေညာသည်။

အရေးယူ ခံရသူများတွင် ဦးအောင်နိုင်ဦး၊ ဒေါက်တာချာလီသန်း၊ ဒေါ်သက်သက်ခိုင်၊ ဦးမောင်မောင်အုန်း အစရှိသူများ အပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များလည်း ပါဝင်သည်။

ထို့အပြင် ကယားပြည်နယ် မိုဆိုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူ ၃၅ ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် တာဝန်ရှိသူများ ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့် ဗိုလ်မှူးချုပ် နီလင်းအောင် တို့လည်း ပါဝင်သည်ဟု EU ကထုတ်ပြန်သည်။

စစ်ကောင်စီ၏ အဓိက ဝင်ငွေရလမ်းဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)နှင့်  အမှတ်( ၁) သတ္တုလုပ်ငန်း၊ ဦးတေဇ၏ ထူးကုမ္ပဏီအုပ်စုနှင့် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ညီအစ်ကို တော်သူ ဦးနေအောင်၏ International Group of Entrepreneurs (IGE) Company Limited လည်း ပိတ်ဆို့ အရေးယူခံရသည့် စာရင်းတွင် ပါဝင်ကြောင်း EU ကဆိုသည်။  

ဒီမိုကရေစီကို ထိခိုက်စေသော၊ လူ့အခွင့်အရေးများကို ဆိုးရွားစွာ ချိုးဖောက်သော လုပ်ဆောင်မှုများတွင် ပါဝင် ပတ်သက်မှု အတွက် စုစုပေါင်း လူပုဂ္ဂိုလ် ၆၅ ဦးနှင့် အဖွဲ့အစည်း ၁၀ ခုတို့ကို ပြစ်ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်သည်ဟု EU ကထုတ်ပြန်သည်။ ဥရောပသမဂ္ဂ (EU)တွင် ဥရောပမှ အဖွဲ့ဝင် နိုင်ငံပေါင်း  ၂၇ နိုင်ငံ ပါဝင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly