ကမ္ဘာ့အသိုက်အဝန်းက ထောက်ခံပေးရန် တိဗက်များက တိုက်တွန်း

ကမ္ဘာ့အသိုက်အဝန်းက ထောက်ခံပေးရန် တိဗက်များက တိုက်တွန်း

တိဗက်လွတ်လပ်ရေးကြေညာစာတမ်းကို ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကြေညာခဲ့ရာ ယခုအခါ ၁၀၉ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ‘တိဗက်သည် မည်သည့်အခါမျှ တရုတ်၏ အစိတ်အပိုင်းမဟုတ်ခဲ့’ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံတကာ အွန်လိုင်းအစည်းအဝေးတစ်ခုကို ဖေဖော်ဝါရီ ၁၄ ရက်တွင် ကျင်းပခဲ့ပြီး တရုတ်နိုင်ငံ၏တရားမဝင်အုပ်ချုပ်မှုမှ တိဗက်လွတ်မြောက်နိုင်ရေး ထောက်ခံ အားပေးကြရန် ကမ္ဘာ့နိုင်ငံများအား တိုက်တွန်းခဲ့ကြသည်။

အဆိုပါ အွန်လိုင်းအစည်းအဝေးကို ဟိမဝန္တာ အာရှလေ့လာရေးနှင့်ထိတွေ့ဆက်ဆံမှု (CHASE) နှင့်တိဗက်ရွှေ့ပြောင်းအခြေချသူများတွင် အထင်ရှားဆုံး လူမှုနိုင်ငံရေးအဖွဲ့အစည်းဖြစ်သည့် တိဗက်လူငယ်ကွန်ဂရက် (TYC) တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်သည်။

“မွန်ဂိုနဲ့မန်ချူးက တိဗက်အပေါ် လွှမ်းမိုးခဲ့တာကိုအခြေခံပြီးတော့ တိဗက်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဆိုပြီး သမ္မတရှီကျင့်ဖျင်က ဒီကနေ့အချိန်မှာ ပြောလာပါတယ်။ ဒါဆိုရင် ရှီနဲ့သူ့ရဲ့ ကွန်မြူနစ်ပါတီအနေနဲ့ အခြေခံသမိုင်းဝင် အချက် ၂ ချက်ကို မမေ့သင့်ပါဘူး။ ပထမတစ်ချက်က တရုတ်နိုင်ငံကိုယ်တိုင်လည်း မွန်ဂိုနဲ့ မန်ချူးတွေရဲ့ သိမ်းပိုက်အုပ်စိုးမှုကို ခံခဲ့ရပါတယ်။ နောက်တစ်ချက်က သမိုင်းတစ်လျှောက် အချို့အခြေအနေတွေမှာ တိဗက်ဟာလည်း တရုတ်နိုင်ငံကို အုပ်စိုးပြီး တရုတ် အင်ပါယာတွေကို မောင်းထုတ်ခဲ့သလို လက်ရှိ ဆောင်းရာသီအိုလံပစ်ပွဲကျင်းပနေတဲ့ အခု ရှီအန်းလို့ခေါ်တဲ့ မြို့တော်ကို သိမ်းပိုက်ခဲ့တဲ့ အင်အားကြီးတဲ့အင်ပါယာဖြစ်ခဲ့ပါတယ်” ဟု တိဗက်မူဝါဒ ဌာနကိုတည်ထောင်သူ အမှုဆောင်ဒါရိုက်တာ တိဗက်ပညာရှင် သူတန်ဆမ်ဖယ်က ပြောသည်။

ယနေ့ခေတ် တရုတ်နိုင်ငံမှ အုပ်ချုပ်သူကွန်မြူနစ်များသည် တိဗက်၊ အရှေ့တာကစ္စတန် (ရှင်ကျန်း)၊ တောင်မွန်ဂိုလီးယားနှင့် မန်ချူးရီးယားတို့ကို အတင်းအဓမ္မသိမ်းပိုက် ကိုလိုနီပြုရခြင်းကို ကျိုးကြောင်းပြနိုင်ရန်အလို့ငှာ သမိုင်းကို ပြန်ပြင်ရေးသားရန် ကြိုးစားနေကြောင်း ဆမ်ဖယ်က ထောက်ပြခဲ့သည်။

တိဗက်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဆိုသော ပြောဆိုချက်သည် သမ္မတရှီနှင့် ကွန်မြူနစ်ပါတီ၏ ရယ်ဖွယ်ကောင်းသော ထွင်လုံးသာဖြစ်ကြောင်း၊ တရုတ်အင်ပါယာများသည် ပြည်ပတိုက်ခိုက်မှုများကို ကာကွယ်ရန် လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ က အရှည် ၂၁ ၁၉၆ ကီလိုမီတာရှိသော မဟာတံတိုင်းကြီးကို တည်ဆောက်ခဲ့သည်ကို မမေ့သင့်ကြောင်း၊ ထိုတိုက်ခိုက်မှုများဆိုသည်မှာ မွန်ဂို၊ မန်ချူး၊ တိဗက်နှင့် ဝီဂါတို့မှလွဲ၍ တခြားသူများမဟုတ်ကြောင်းနှင့် ယနေ့အချိန်တွင် ၎င်းတို့ကို တရုတ်၏ခွဲမရသောအစိတ်အပိုင်းဟု ပြောဆိုနေကြောင်း နာမည်ကျော်တိဗက်ဗေဒပညာရှင်နှင့် CHASE ဥက္ကဋ္ဌဖြစ်သူ ဗီဂျေးကရန်တီကပြောသည်။

အွန်လိုင်းအစည်းအဝေးကို ပူးတွဲလက်ခံကျင်းပပေးသည့် တိဗက်လူငယ်ကွန်ဂရက် (TYC) ဥက္ကဋ္ဌ ဂွန်ပိုဒွန်ဒပ်က တိဗက်သည် တရုတ်၏ မတရားသိမ်းပိုက်ခံထားသည်မှာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly