စစ်ကိုင်း-မုံရွာ လမ်းပေါ်ရှိ ညောင်ပင်ဝန်းရွာမှ စစ်ဗိုလ်ဇနီး သေနတ်ဖြင့် ပစ်သတ်ခံရ 

စစ်ကိုင်း-မုံရွာ လမ်းပေါ်ရှိ ညောင်ပင်ဝန်းရွာမှ စစ်ဗိုလ်ဇနီး သေနတ်ဖြင့် ပစ်သတ်ခံရ 

ဖေဖော်ဝါရီလ ၂၁ ရက်

စစ်ကိုင်း-မုံရွာ ကားလမ်းပေါ်ရှိ ညောင်ပင်ဝန်း ကျေးရွာမှ ရွှေအင်းဝ စားသောက်ဆိုင်ပိုင်ရှင် ဗိုလ်ကတော် ဒေါ်တင်မျိုးခိုင် သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။ 

၎င်းသည် စစ်ကိုင်းမြို့ရှိ တပ်မ (၃၃) ထဲတွင် လတ်တလော နေ နေရာမှ  ဆိုင်သို့ ခဏ ပြန်လာချိန်တွင် ဆိုင်ထဲဝင်၍ ပစ်သတ် ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံများက  ပြောသည်။ 

“နာမည်ကဒေါ်တင်မျိုးခိုင်တဲ့၊ သူကကွာ ဟိုတလောက ၁၂ မီးထွန်းနိုင်အသတ်ခံရပြီးကတည်းက၊ တပ်ထဲသွားနေနေတာ၊ ရှောင်နေတာပေါ့၊ ဒီနေ့တော့သူ့အိမ်(ရွှေအင်းဝစား သောက်ဆိုင်)ပြန်ရောက်နေတုန်း နေ့လယ် ၁ နာရီလောက်ကအသတ်ခံလိုက်ရတာပဲ၊ ဗိုလ်ကတော်ပါ၊ သူ့ဆိုင်မှာစစ်သားအဝင်အထွက်အမြဲရှိတယ်” ဟု စစ်ကိုင်းဒေသခံသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ညောင်ပင်ကြီးရွာသားတစ်ဦးကလည်း "စစ်ကားတွေက အမြဲတမ်း အဲဒီဆိုင်မှာ ရပ်တာ။ နာမည်ကြီးပဲ။ ရွာထဲမွှေလည်း သူပါတယ် "ဟု ပြောသည်။ 

စစ်ကိုင်း-မုံရွာ ကားလမ်းမပေါ်ရှိ ညောင်ပင်ဝန်းကျေးရွာကို စစ်ကောင်စီတပ်များက အထိုင်လုပ်ကာ ညောင်ပင်ဝန်းကျေးရွာ အပါအဝင် အနီးနား ကျေးရွာများကို ဝင်ရောက် အကြမ်းဖက် ဖမ်းဆီးလေ့ ရှိသည်ဟု ဒေသခံများထံက သိရသည်။ 

ယခုလထဲတွင်လည်း ညောင်ပင်ဝန်းကျေးရွာမှ ရှစ်တန်းကျောင်းသား တစ်ဦး အပါအဝင် ညီအကို သုံးဦးကို စစ်တပ်က လမ်းပြအဖြစ် ခေါ်သွားကာ သတ်ပစ်ခဲ့သည်။

စစ်ကိုင်းမြို့ ညောင်ပင်ဝန်းကျေးရွာတွင်၊ ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း၊ ဒေသတွင်းသတင်းပေးဒလန်ဟုနာမည်ထွက်နေသည့် ၁၂ မီးထွန်းနိုင်ဆိုသူ လက်ဘက်ရည်ဆိုင်အတွင်းသေနတ်ဖြင့်ပစ်သတ်ခံခဲ့ရဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required