ပျံလွှားအောင်စစ်ဆင်ရေး အဖြစ် သာကေတတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ ကားကို ဗုံးပစ်ခဲ့ခြင်း ဖြစ်ဟုဆို

ပျံလွှားအောင်စစ်ဆင်ရေး အဖြစ် သာကေတတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ ကားကို ဗုံးပစ်ခဲ့ခြင်း ဖြစ်ဟုဆို
ပုံစာ - ရန်ကုန်မြို့တွင် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တစ်စီး။ (ဓာတ်ပုံ- အီးပီအေ)

ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း သာကေတမြို့နယ်၊ မြင်တော်သာ လမ်းမကြီးပေါ်တွင် ကင်းလှည့်နေသော စစ်ကောင်စီ၏ Faw ကားကို ဖေဖော်ဝါရီလ ၁၉ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် Wolf Warriors STF (WWSTF) အဖွဲ့က လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်။

ဗုံးပစ်ပြီးနောက် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကောင်စီ တပ်စွဲ ထားသော သာကေတ ဘောလုံးကွင်းအတွင်းသို့လည်း ဗုံးတစ်လုံး ထပ်မံ ပစ်ခဲ့သည်ဟု WWSTF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"လက်နက်ငယ်တွေ ဗုံးသီးတွေနဲ့ ပစ်ခတ်မှု ဖြစ်တာက လှည့်ကင်းကားပါ။ အဲ့ဒီ ပစ်ခတ်မှု အပြီးမှာ အမှတ် (၁) စခန်းနဲ့ ဘောလုံးကွင်းနားမှာ စစ်ကောင်စီဘက်က အကူ ထွက်လာတဲ့ ကားတွေကိုတော့ အဟန့် သဘောလောက်ပဲ ဖောက်ခွဲ ခဲ့လိုက်တာပါဗျ။ နှစ်နေရာ ရှေ့ဆင့်နောက်ဆင့်ပေါ့” ဟု အဆိုပါအဖွဲ့ဝင်က ပြောသည်။

ထိုသို့ လုပ်ဆောင်မှုများသည် တောင်ပိုင်းတိုင်း စစ်ကွပ်ကဲရေးအဖွဲ့ ပျံလွှားအောင် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လေးဦး ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးခန့် သေဆုံးနိုင်သည်ဟု ဆိုသည်။

ထိုဖြစ်စဉ် အပြီးတွင် မြင်တော်သာလမ်းပေါ်ရှိ (၇) ဈေး မီးလောင်မှု ဖြစ်ခဲ့သည်။

"ဆေးရုံကားတွေက အများကြီးသွားတယ်။ ဒါပေမဲ့ စျေးမှာလည်း ရပ်ထားတာ တွေ့တယ်။ လူနာတင်ကား က အများကြီး သွားတာ။ စစ်ကောင်စီတပ်သားတွေ အဲ့ဒီနေ့က ရှယ်ထိထားတာ” ဟု ဒေသခံ တစ်ဦးက ထိုနေ့က အခြေအနေကို ပြန်ပြောပြသည်။

ဈေးမီးလောင်မှုသည် ဗုံးထောင်သော လူငယ်များ ဈေးအတွင်း ဝင်ရောက် တိမ်းရှောင်ပြီး နောက်ပိုင်း လောင်ကျွမ်းခြင်း ဖြစ်ပြီး မီးလောင်မှု အကြောင်းအရင်းနှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ သတင်းများထွက်ခဲ့သည်။

"ဈေးမီးလောင်တဲ့ ဖြစ်စဉ်ကတော့ ကျွန်တော်တို့ ဝင်ပြေးလို့ လိုက်ပစ်ရင်း မီးလောင်မှု ဖြစ်ပွားတယ်လို့ သူတို့ဘက်က သတင်းလွှင့်တယ်ပေါ့။ ဒါကလည်း ရှင်းပါတယ်။ ဒီစစ်ကောင်စီ တွေက တိုင်းရင်းသားနယ်မြေတွေမှာလည်း လက်နက်ချင်း မယှဥ်နိုင်ရင် ရွာတွေကို မီးရှို့ပြီး ပြည်သူနဲ့ တော်လှန်ရေးအဖွဲ့တွေကို ရန်တိုက် သလိုပဲပေါ့။ အခု ဒီဖြစ်စဉ်မှာလည်း ကျွန်တော်တို့က စလုပ်လို့ နောက်ဆက်တွဲ အခုလို ဖြစ်တယ်ဆိုတဲ့ သဘောမျိုး ဖြစ်ပြီး ရပ်ကွက်နေပြည်သူ ၁၀၀မှာ တစ်ယောက်က အပြစ်တင်အောင် ရန်တိုက်လိုက်တာပါ “ ဟု WWSTF အဖွဲ့ဝင်က ပြောသည်။

မီးလောင်သည့် ဆုံးရှုံးနစ်နာမှုများ အတွက် စိတ်မကောင်းဖြစ်ရကြောင်းနှင့် ပြည်သူများက ၎င်းတို့အား အပြစ်မမြင်၍ ကျေးဇူးအထူးတင်ရှိရသည်ဟုလည်း ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်က မီးလောင်ခဲ့သည့် သာကေတ (၇) ဈေး ဖြစ်စဉ်သည် နေ့လယ် ၁၂ နာရီ ၅၈ မိနစ်တွင် စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ၁ နာရီ ၃၇ မိနစ်တွင် မီးငြိမ်းခဲ့ကာ ဈေးအတွင်း ဆိုင်ခန်းအချို့ မီးလောင်ဆုံးရှုံးခဲ့သည်။

#၇ဈေး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required