ရန်ကုန်၊ ဇွန် ၉ ။ ။ စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဇွန်လ ၉ ရက် အထိ မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၁၀ ခု အပါအဝင် ဆုတံဆိပ် စုစုပေါင်း ၄၄ ခု ဆွတ်ခူးထားနိုင်ခဲ့သည်။ မြန်မာနိုင်ငံသည် လက်ရှိ တွင် ရွှေတံဆိပ် ၁၀ခု၊ ငွေတံဆိပ် ၁၆ ခု၊ ကြေးတံဆိပ် ၁၈ ခု ဆုတံဆိပ် စုစုပေါင်း ၄၄ ခု ဆွတ်ခူးထားကာ ဆုတံဆိပ် ရပ်တည်မှု အဆင့် ခုနစ် နေရာ၌ ရပ်တည်လျက်ရှိသည်။
မြန်မာအတွက် ရွှေတံဆိပ်များကို ဝင်းထိုက်နှင့် မောင်မောင် (ကနူးလှေ) မှ ရွှေ နှစ်ခု၊ ရန်နိုင်စိုးနှင့် ခင်မျိုးသူ (ဂျူဒို) မှရွှေတံဆိပ်နှစ် ခု၊ ခြင်းလုံးပြိုင်ပွဲမှ ရွှေတံဆိပ် နှစ်ခု၊ ရိုးရာလှေလှော် ပြိုင်ပွဲမှ နှစ်ခု၊ စန္ဒီဦး၊ အေးသစ္စာမြင့် (ဝူရှူး) မှ ရွှေ နှစ်ခု ရရှိအောင် စွမ်းဆောင် ခဲ့ကြသည်။
မြန်မာအတွက် ငွေတံဆိပ်ဆုများကိုမူ သန်းသန်းစိုး (ပြေးခုန်ပစ်)က တစ်ခု၊ အောင်ဌေးနှင့် ကိုထက် (ဘိလိယက်) က နှစ်ခု၊ သန့်ဇင်ဦးနှင့် မောင်မောင် (ကနူးလှေ) က နှစ်ခု၊ ဇင်လင်းအောင်၊ ဖြိုးဆွေဇင်ကျော်နှင့် အေးအေးအောင် (ဂျူဒို) က သုံးခု၊ ကျော် လင်းထွန်းနှင့် စန္ဒီဦး (ဝူရှူး) က နှစ်ခု၊ ရိုးရာခြင်းလုံးပြိုင်ပွဲမှ ငါးခု စုစုပေါင်း ၁၆ ခုထိ ဆွတ်ခူးနိုင်ခဲ့သည်။ ယခုနှစ် ၂၀၁၅ ဆီးဂိမ်းပြိုင် ပွဲတွင် မြန်မာနိုင်ငံမှကစားနည်း ၃၁ နည်း ပါဝင်ယှဉ်ပြိုင်ကာ ကစားသမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၄၀၅ ဦးထိသွားရောက် ယှဉ်ပြိုင်ခဲ့သည်။
၂၈ ကြိမ်မြောက် စင်ကာပူဆီးဂိမ်းပြိုင်ပွဲကို မေလ ၂၉ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ် ပြီး ရွှေတံဆိပ် စုစုပေါင်း ၄၀၂ ခု အထိ ချီးမြှင့်သွားမည် ဖြစ်သည်။ ဇွန်လ ၉ ရက်အထိ ဆုတံဆိပ် ရပ်တည်မှုဇယားတွင် စင်ကာပူအသင်းက ရွှေ ၄၇ ခု၊ ငွေ ၄၀ ခု၊ ကြေး ၅၁ ခု စုစုပေါင်း ၁၃၈ ခု ဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။
ဇွန်လ ၉ ရက် ဆီးဂိမ်းပြိုင်ပွဲများအပြီး ဆုတံဆိပ်ရရရှိမှုဇယား
အဆင့် နိုင်ငံ ရွှေ ငွေ ကြေး စုစုပေါင်း
၁။ စင်ကာပူ ၄၇ ၄၀ ၅၁ ၁၃၈
၂။ ထိုင်း ၃၅ ၃၈ ၃၃ ၁၀၆
၃။ ဗီယက်နမ် ၃၁ ၁၅ ၃၆ ၈၂
၄။ မလေးရှား ၂၁ ၂၄ ၃၀ ၇၅
၅။ အင်ဒိုနီးရှား ၁၇ ၁၇ ၃၄ ၆၈
၆။ ဖိလစ်ပိုင် ၁၀ ၁၆ ၂၆ ၅၂
၇။ မြန်မာ ၁၀ ၁၆ ၁၈ ၄၄