မင်းကိုနိုင်ဆုနှင့် ဟံသာဝတီ ဦးဝင်းတင်ဆု ရရှိသည့် ကျွဲကျောင်းသားလေး ဖန်တီးရှင် မိုင်းအိုက်နွေနှင့် တွေ့ဆုံခြင်း

မင်းကိုနိုင်ဆုနှင့် ဟံသာဝတီ ဦးဝင်းတင်ဆု ရရှိသည့် ကျွဲကျောင်းသားလေး ဖန်တီးရှင် မိုင်းအိုက်နွေနှင့် တွေ့ဆုံခြင်း

“တအာင်းတောင်တန်းဒေသမှာ မူးယစ်ဆေးဝါး၊ ကလေး အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုတွေကို တင်ပြချင်တာပါ”

တတိယအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာရုပ်ရှင်ပွဲတော်တွင် တအာင်းလူမျိုး တစ်ဦး ရိုက်ကူးထားသည့် မြန်မာနိုင်ငံ ၏ အစွန်အဖျား တအာင်း(ပလောင်) တောင်ပေါ်ဒေသ ရွာလေးတစ်ရွာတွင် ကျွဲကျောင်းသား ကလေးငယ်တစ်ဦး၊ ၎င်းကလေး ငယ်လေး ကျွဲကျောင်းသား ဖြစ်လာရသည့် အကြောင်းကို ရိုက်ပြထားသည့် ကျွဲကျောင်းသားလေး ဇာတ်လမ်းတို ဇာတ်ကားသည် မင်းကိုနိုင်ဆုနှင့် ဟံသာဝတီ ဦးဝင်းတင်ဆုတို့ကို ရရှိခဲ့သည်။

ထို ဇာတ်ကား၏ အဓိက ရည်ရွယ်ချက်မှာ တအာင်းတောင်တန်းဒေသတွင် ဖြစ်ပျက်နေသည့်  မူးယစ် ဆေးဝါးပြဿနာ၊ ကလေး အခွင့်အရေး ၊ အမျိုးသမီး အခွင့်အရေး ချိုးဖောက်မှုများကို အဓိက ထားပြီး တင်ဆက်ပြသထားခြင်း ဖြစ်သည်။

ယင်းဇာတ်လမ်းမှာ တအာင်း(ပလောင်) တောင်ပေါ်ဒေသ ရွာလေး တစ်ရွာတွင် ဆင်းရဲသည့် မိသားစု သုံးယောက် ရှိပြီး ခင်ပွန်းဖြစ်သူက မူးယစ်ဆေးဝါး စွဲနေသည့် သူတစ်ဦး ဖြစ်ကာ သစ်ခွ ရောင်းချရသည့် ပိုက်ဆံကိုလည်း မိန်းမဖြစ်သူကို အနည်းငယ်သာ ပေးပြီး မူးယစ်ဆေးဝါးသာ ဝယ်ယူ သုံးစွဲနေသူ ဖြစ်သည်။

ခင်ပွန်း ဖြစ်သူက သစ်ခွ ရောင်းချရသည့် ပိုက်ဆံ အများအပြားကို ယူသွားသည့်အတွက် ထမင်းချက်စားရန် ဆန်မရှိသောကြောင့် ရွာထဲတွင် မိန်းမဖြစ်သူမှာ ဆန်သွားရှာရသည်။ 

အိမ်ပြန်ရောက်သည့် အခါတွင် ဆန်အိုးတည်ရန် ထင်းမီးပေါ် တင်သည့်အခါတွင် ခင်ပွန်းဖြစ်သူက  ၎င်း ဘိန်းရှူနေတာကို နှောင့် ယှက်ရမလား ဆိုကာ ထမင်းအိုးကို မှောက်ချလိုက်ပြီး ကလေးဖြစ်သူ ရှေ့တွင် ရိုက်နှက်ခဲ့သည်။

နောက်တစ်ရက်တွင်မူ ခင်ပွန်းဖြစ်သူအတွက် မူးယစ်ဆေးဝါး ဝယ်ယူပေးရင်း အမျိုးသမီးက ရဲများ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ အဲဒီနောက်တွင်မူ ယောကျ်ား ဖြစ်သူက ၎င်း၏ သားလေးကို မူးယစ်ဆေးဝါး အသုံးပြုရန်အတွက် အိမ်တစ်အိမ် တွင် ရောင်းစား ခဲ့ရာမှ ကလေးသည် ပညာသင်ကြားရခြင်း မရှိဘဲ ကျွဲကျောင်းသားတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီး ဒါရိုက်တာက ဇာတ်ကားကို မည်သို့ ဖန်တီး ဖြစ်ခဲ့ပုံ၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရိုက်ကူးဖြစ်ပုံများကို ဇာတ်ကား ရိုက်ကူးသည့် ဒါရိုက်တာ မိုင်းအိုက်နွေ(တအာင်းချစ်သူ)ကို မဇ္ဈိမက မေးခွန်း တချို့ မေးမြန်းဖြစ် ခဲ့သည်။

ကျွဲကျောင်းသား ဆိုတဲ့ ဇာတ်လမ်းတို ရိုက်ကူး ဖြစ်ပုံလေး ပြောပြပေးပါ။

ကျွန်တော် အမျိုးသမီးတွေရဲ့ အခွင့်အရေး အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရပုံကို ရိုက်ထားတာပါ။ ရွှီးထားတာတို့ ဖောထား တာတို့ မပါပါဘူး။ အဒေါ်က သစ်ခွ ဝယ်ရင်း မျက်မြင်တွေ့ခဲ့တာကို အဒေါ်က ကျွန်တော့ကို လာပြောပြတယ်။ အဲတုန်းက ကျွန်တော်က ဒီရုပ်ရှင်ကို မဖန်တီးတတ်သေးဘူး ဒီ ရုပ်ရှင်သိပ္ပံ သင်တန်းကျောင်းကို တက်ပြီးမှ လူ့အခွင့်အရေးနဲ့ ဆိုင်တာကို စဉ်းစားပြီး အဒေါ် ပြောပြတဲ့ အကြောင်းအရာက တော်တော်ကို ဆိုးရွားနေတဲ့အတွက် ရိုက်ဖြစ်ခဲ့တာပါ။

ဇာတ်ကားအတွက် လိုအပ်တဲ့ နေရာတွေ ပါဝင်တဲ့ သရုပ်ဆောင်တွေကို ဘယ်လို ရှာဖွေခဲ့လဲ ။

လိုကေးရှင်းကတော့ ကျွန်တော် ကိုယ်တိုင် ရွေးခဲ့တာ။ ဇာတ်ကောင်တွေက ကျွန်တော်တို့ တအာင်း လူမျိုးထဲက လူငယ်တွေကိုပဲ ရှာခဲ့တာပါ။ သူတို့ ကိုယ်တိုင်လည်း မူးယစ်ဆေးဝါးကို တိုက်ဖြတ်နေတဲ့ လူငယ်တွေ ဖြစ်တယ်။

အခု နွားကျောင်းသား ဇာတ်ကား ရိုက်ကူးဖို့အတွက် ပြင်ဆင်ချိန် ဘယ်လောက် ကြာခဲ့လဲ။

အခက်အခဲ ဆုံးကတော့ သူတို့ ဒီလူ့အခွင့်အရေးကို နားမလည်တဲ့အတွက် သူတို့က ပြောတယ် ဒါက လူ့အခွင့်အရေးနဲ့ ငြိတယ်လို့ သူတို့သိတဲ့ အခါကျတော့ သူတို့က နိုင်ငံရေးကား ဆိုပြီး ဆက်မရိုက်တဲ့ အတွက် ကျွန်တော် ၆ လလောက် ကြာသွားတယ်။ သူတို့ကို မနည်း ပြန်စည်းရုံးခဲ့ရတယ်။ နောက်ပိုင်း မှ သူတို့လည်း အားနာနာနဲ့ ရိုက်ပေးခဲ့တယ်။

ဇာတ်လမ်းထဲကလို တအာင်းမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဘယ်လောက်ထိ ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပျက်နေလဲ။

အရင်ကတော့ ဘိန်းမဲတွေ ပေါတယ်။ ဘိန်းမဲတွေ စိုက်တယ်။ ဒီနောက်ပိုင်းကျ ဆေးပြားတို့ ဘိန်းဖြူ တို့ ပေါ်လာတဲ့ နောက်ပိုင်းမှာ အမျိုးသမီးတွေကအစ အရင်က အမျိုးသား သုံးတောင်မှ အရမ်း ဆိုးရွားတဲ့ ပြဿနာ ရင်ဆိုင်နေရတယ်။ အခုအမျိုးသမီးတွေပါသုံးလာ တယ်ဆိုတော့ ကလေးတွေ အတွက်ပါ စိုးရိမ်ရတယ်။ အနာဂတ်မှာ စိုးရိမ်စရာ ဖြစ်လာပါတယ်။ ရွာတွေမှာ ဘိန်းရှူရင်တောင်မှ ရွာမှာအကြောက်ရဆုံးက ရွာသူကြီးပေါ့ အဲဒီ ရွာသူကြီးကတောင်ရှူနေတယ်ဆိုတော့ ကျွန်တော် ရိုက်ထားတာ ရှိတယ်။ ရွာသူကြီး ကနေ ရွာသားတွေနဲ့ ပေါင်းပြီးမှ အိမ်ဧည့်ခန်းမှာကို ဒီအတိုင်း ရှူနေတာတွေလည်း ရှိတယ်။ ဒီလိုတွေ ဆိုတော့ ဘယ်သူ ကမှ မကြောက်ရဘူး။ အမှန်ဆို ဒါတွေကို စိုက်ပျိုးတဲ့ သူတွေရော မူးယစ်ဆေးဝါးကို ထုတ်လုပ်တဲ့ သူတွေရော သုံးစွဲတဲ့သူတွေကိုပါ ရှာဖွေ ဖော်ထုတ်ပြီးမှ အရေးယူတာမျိုး လုပ်စေချင်လို့ ဒီဇာတ်လမ်းကို ရိုက်ရတာပါ။

ကျွဲကျောင်းသား ဆိုတဲ့ ဇာတ်ကားက ဘယ်လို message မျိုးကို အဓိက ပေးချင်တာလဲ ။

ကျွန်တော်တို့ တအာင်း တောင်တန်းဒေသမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿနာထက်လူ့အခွင့်အရေးကို ပိုပြီးနားလည်စေချင် တယ်။ ဒါမှ သူတို့ အမြင်ကျယ်လာမယ်။ လူ့အခွင့်အရေး ဆိုတာကို သူတို့ကို ပိုနားလည် စေချင်တယ်။ အမျိုးသမီးမှာ ဘာလုပ်ပိုင် ခွင့် ရှိလဲ၊ ကလေးမှာ ကိုယ့်မှာ ဘာအခွင့်အရေးတွေ ရှိလဲ။ အဲတာတွေကို သိစေချင်တယ်။ ပြီးတော့ မူးယစ်ဆေးဝါးကို ဖော်ထုတ် ပြီး အရေးယူပေးဖို့ အဲဒါလေး ရည်ရွယ်ထားပါတယ်။

နောက်ထပ် ဘယ်လို ဇာတ်ကားတွေ ဖန်တီးဖို့ကော စဉ်းစားထားလဲ ။

နောက်ထပ် ကျွန်တော် ၂ ကား ရိုက်ကူးဖို့တော့ စဉ်းစားထားတယ်။ အဲဒီအတွက် ကျွန်တော်ဘာမှ မပြင်ဆင် ခဲ့ရသေးဘူး။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာရယ် တရုတ်ပြည်မှာ သွားရောက် လုပ်ကိုင်နေ တဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအကြောင်း ရိုက်ဖို့တော့ စိတ်ကူးထားတယ်။

ဒီ ဇာတ်ကားကို တအာင်း ဒေသမှာ ပြခဲ့မယ်ဆိုရင် ပေးချင်တဲ့ အကြောင်းအရာကို ပေးနိုင်မယ်လို့ ယုံကြည်လား။

သူတို့က ဘိန်းစားတွေ မုန်းစရာကောင်းတယ်လို့ပဲ သူတို့က မြင်လိမ့်မယ် ဘာ့ကြောင့်လဲဆိုတော့ နောက်ဆက်တွဲ အမျိုးသမီး အခွင့်အရေး၊ ကလေး အခွင့်အရေး ဒါတွေကို သူတို့ နားမလည်တဲ့အခါ ကျွန်တော် လိုချင်သလောက် ပြချင်သလောက် သူတို့ သိနိုင်မယ်လို့ အပြည့်အဝ ရနိုင်မယ်တော့ မထင်ဘူး။ ကျွန်တော်တို့ ဘက်မှာ ရုပ်ရှင်ဆိုတာလဲ မရှိတော့ သူတို့က ဒါကို ကြည့်ရင် ရသပေါ်မှာပဲ ခံစားမယ် ကလေးကို သနားစရာ ကောင်းတယ်လို့ သူတို့ သိမယ် အမျိုးသမီးကိုလည်း ရိုက်နှက် နှိပ်စက်တဲ့အတွက် ဘိန်းစားတွေက မုန်းစရာ ကောင်းတယ်လို့ပဲ သူတို့ မြင်လိမ့်မယ်။

ဒါဆို လူ့အခွင့်အရေး ဆိုတာတွေ သူတို့ သိလာအောင် လုပ်ပေးချင်တာမျိုးကော ရှိလား။

ကျွန်တော် ဒီလို လူ့အခွင့်အရေး ဇာတ်ကားတွေ အများကြီး ရိုက်ပြီးမှ တအာင်းတောင်တန်းဒေသမှာ ဒီလိုမျိုး ခရီးသွား ရုပ်ရှင်တွေ လုပ်ဖို့စိတ်ကူးရှိတယ်။ နယ်လှည့်ပြီး လူ့အခွင့်အရေး ဇာတ်ကားတွေ ပြမယ်လူ့အခွင့်အရေးအကြောင်းတွေပြောမယ် ဆိုရင်တော့ သူတို့ သိလာလိမ့်မယ်လို့ မျှော်လင့်တယ်။

ဒီ ဇာတ်ကားနဲ့ ဆု ၂ ဆုတောင် ရထားတာဆိုတော့ ခံစားချက်လေးလဲ ပြောပေးပါဦး ။

ဒီလို ဆုရမယ်လို့ မမျှော်လင့်ဘူး။ ဆုတောင်မှ မမှန်းခဲ့ဘူး။ ကျွန်တော်တို့ တအာင်းဒေသအတွက် ပထမဆုံး ဇာတ်ကား လည်း ဖြစ်တယ်။ တအာင်းတောင်တန်းဒေသမှာ မူးယစ်ဆေးဝါး၊ ကလေး အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး ချိုးဖောက် မှုတွေကို တင်ပြချင်တာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly