ရန်ကုန် (မဇ္ဈိမ) ။ ။ ၂၀၁၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ကျောင်းသားသပိတ်လှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်မှုကြောင့် သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မဖြိူးဖြိုးအောင်ကို ဇွန်လ ၇ရက်က ရွေးချယ်လိုက်သည်။
ပြည်သူ့ဂုဏ်ရည်ဆုကို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ ပြည်သူ့ဂုဏ်ရည်အသင်း (ယူတီကာဌာနခွဲ နှင့် အော်ဘနီဌာနခွဲ)တို့က တာဝန်ယူ စီစဉ်ခြင်းဖြစ်ပြီး နယူးယော့ခ်ပြည်နယ်၊ ယူတီကာမြို့ MOHAWK VALLEY COMMUNITY COLLEGEတွင် ဇွန် ၇ရက်က ဆဋ္ဌမအကြိမ် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင် တစ်ဦး နှင့် အထူးဆုရှင် နှစ်ဦးကို အပြီးသတ် ရွေးချယ်ခဲ့သည်။ ပြည်သူ့ဂုဏ်ရည်ဆုကို မဖြိုးဖြိုးအောင်ကို ရွေးချယ်ခဲ့ပြီး အထူးဆုအတွက် တန်ဖိုးသင့်ညစာ လပြည့်လကွယ် အခမဲ့ ဇီဝိတဒါန ဆေးကုခန်း ဖွင့်လှစ်ထားသည့် ဒေါက်တာနန္ဒဝင်း နှင့် မန္တလေးတွင် ငါးကင်ရောင်းရင် တပိုင်တနိုင်အဖြစ် စာပေဝါသနာရှင်များ ဖတ်ရှုနိုင်ရန် မန္တလေးစာကြည့်တိုက် ဖွင့်လှစ်ထားသည့် ကိုဇော်ဇော်ကို ရွေးချယ်ခဲ့သည်။
ဆုရှင်များအတွက် ဆုတံဆိပ်များ နှင့်အတူ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဒေါ်လာတစ်သောင်း၊ အထူးဆုအတွက် ဒေါ်လာ တစ်ထောင်စီ ဂုဏ်ပြု ချီးမြှင့်မည်ဖြစ်သည်။
ပြည်သူ့ဂုဏ်ရည်ဆုကို ၂၀၁၀ခုနှစ်တွင် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ၊ ၂၀၁၁ခုနှစ်တွင် ရွှေဝါရောင် သံဃာ့အရေးအခင်းကြောင့် ထောင်ကျသည့် သံဃာတော်များ၊ သီလရှင်များကို အာဏာပိုင်များ၏ ဖိအား အနှောက်အယှက်များကြားမှ ထောင်ဝင်စာတွေ့သည့် ဒေါ်ရှု၊ ၂၀၁၂ခုနှစ်တွင် Kachinland News မှ လဖိုင်နော်မန်း၊ ၂၀၁၃ ခုနှစ်တွင် NLD ပညာရေးကွန်ယက်၊ ၂၀၁၄ခုနှစ်တွင် စေတနာ့ဝန်ထမ်းလုပ်ငန်းများ ဆောင်ရွက်သူ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်တို့ကို ဆုချီးမြှင့်ခဲ့သည်။